သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ အကြောပေါင်းမရေမတွက်နိုင်လောက်အောင် များပြားတည်ရှိနေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်သွယ်ပေးထားတဲ့ အဓိကအခန်းကဏ္ဍကနေလည်း ပါဝင်နေသလို သူတို့ရဲ့ အဓိကတာဝန်ကတော့ ဦးနှောက်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး ကြားက အဆက်အသွယ် တစ်ခုလည်းဖြစ်ပါတယ်။

ပုံမှန်အလုပ်လုပ်နိုင်ဖို့ အကြောတစ်ခုစီတိုင်းမှာ သေးငယ်တဲ့ ဖိုက်ဘာအစုအပေါင်းလေးတွေ ပါဝင်နေပြီး သူတို့ကိုကာကွယ်ပေးထားတဲ့ အပေါ်လွှာ တစ်ခုလည်း ပါဝင်ပါသေးတယ်။ တခါတရံမှာ ဒီလိုမျိုးအရေးကြီးတဲ့ အကြောတွေ ပျက်စီးလာနိုင်တဲ့ အကြောင်းအမျိုးမျိုးတွေရှိနိုင်လို့ ဘယ်လိုလက္ခဏာပြနေရင် အကြောပြတ်နေပြီဆိုလဲဆိုတာ သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ထုံထိုင်းခြင်း

အာရုံခံစားနိုင်တဲ့အကြောပျက်စီးနေပြီဆိုရင် ပထမဦးဆုံး လက္ခဏာကတော့ ထုံထိုင်းခြင်းပါပဲ။ လက်၊ လက်ချောင်းလေးများ၊ ခြေထောက်၊ ခြေဖဝါးတို့မှာ အထူးဖြစ်ပွားတတ်ပါတယ်။ ဒီလိုဖြစ်တာကို မကုသဘူးဆိုရင်တော့ အချိန်ကြာလာတဲ့အခါမှာ ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများကိုပါ ပြန့်နှံ့သွားနိုင်ပြီး အဆိုးရွားဆုံးကတော့ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။

၂။ နာကျင်မှု

အကြောပျက်စီးမှုရဲ့ နောက်ထပ်လက္ခဏာရပ်တစ်ခုကတော့ စစ်ကနဲထိုးခြင်း၊ လောင်ကျွမ်းသလိုနာကျင်မှု စတာတွေကို ခံစားလာရတာပါပဲ။ ဒီလိုနာကျင်မှုတွေက လက်နဲ့ခြေထောက်တွေမှာ ပုံမှန်ဖြစ်ပွားတတ်ပြီး ဦးနှောက်ကိုအသိအာရုံပေးပို့နေတဲ့ အကြောတွေပျက်စီးမှုကြောင့် ဖြစ်လာရတာပါ။ ညဖက်အချိန်မှာဆိုရင် ပိုမိုဆိုးရွားလာနိုင်ပါတယ်။

၃။ ကြွက်သားအားနည်းလာခြင်း

သင့်ကိုလှုပ်ရှားနိုင်အောင် ကူညီပေးတဲ့ အကြောများရှိပြီး ထိုအကြောများတွင် ထိခိုက်မှုတစုံတရာဖြစ်ခဲ့ပါက ကြွက်သားအားနည်းမှုနဲ့ ထိန်းချုပ်မှု ယိုယွင်းလာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ လမ်းလျှောက်ရခက်ခဲခြင်း၊ တစုံတခုကိုကောက်ယူခြင်း၊ ကိုင်တွယ်ခြင်းတို့မှာလည်း ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၄။ ကြွက်တက်ခြင်း

သွားလာလှုပ်ရှားမှုအတွက် အကြောတွေပျက်စီးလာရင်တော့ မကြာခဏကြွက်တက်လာနိုင်ပါတယ်။ ကြွက်သားများနှင့်ဆက်နွှယ်နေလို့ အနည်းငယ် ပျက်စီးမှုဖြစ်သွားရင်တောင် ကြွက်တက်ခြင်းနဲ့ အလွန်နာကျင်မှုကို ခံစားရပြီး အခြားဆိုးရွားတဲ့ ပြဿနာတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။

၅။ ချွေးထွက်လွန်ခြင်း သို့မဟုတ် ချွေးစုခြင်း

ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေပုံမှန်အလုပ်လုပ်အောင် ကူညီပေးတဲ့ အကြောတွေ ပျက်စီးယိုယွင်းလာရင်တော့ ချွေးပြဿနာ ပေါ်ပေါက်လာ နိုင်ပါတယ်။ အချို့သူများက ချွေးအလွန်အကျွံထွက်နေချိန်မှာ တချို့သူများက ချွေးလုံးဝမထွက်ဘဲ စုနေတာတွေ ဖြစ်လာနိုင်ပါတယ်။

၆။ ဆီးမကြာခဏသွားခြင်း

အာရုံကြောပျက်စီးမှုကို ခံစားနေရပြီဆိုရင် ဆီးအိမ်အောင့်လာပြီး အိမ်သာမကြာခဏသွားရနိုင်ပါတယ်။ သဘာဝအတိုင်း ကလေးမွေးသည့်မိခင်များ သို့မဟုတ် ဆီးချိုရောဂါရှင်များလည်း ဆီးပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၇။ ခေါင်းအရမ်းကိုက်ခြင်း

လျှပ်စစ်ဓာတ်လိုက်သလိုမျိုးခံစားရတဲ့ ခေါင်းကိုက်မှုကို ပြင်းပြင်းထန်ထန်ခံစားလာရရင် အာရုံကြောပျက်စီးတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဂုတ်အပေါ်ပိုင်းနှင့် ခေါင်းအနောက်ဖက်တို့တွင် နာကျင်မှုခံစားရနိုင်ပါတယ်။

၈။ ကိုယ်ခန္ဓာဟန်ချက်မညီခြင်း

ဟန်ချက်ထိန်းမနိုင်ခြင်းကလည်း အာရုံကြောပျက်စီးခြင်းရဲ့ နောက်ထပ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒီလိုလက္ခဏာကို လျစ်လျူရှုကောင်း ရှုနိုင်ပေမယ့်လည်း ဒါကနေပြီး ချော်လဲခြင်း၊ ဒဏ်ရာအနာတရ ရခြင်းတို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။