လူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အစိတ်အပိုင်းအားလုံးနီးပါးဟာ အသက်ရှင်ကျန်းမာဖို့အတွက် တိုက်ရိုက်ဆက်နွယ်မှုတွေရှိနေပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းမှုရှိနေပြီဆိုရင် အရင်နဲ့မတူတော့တဲ့ ကျန်းမာရေးလက္ခဏာတွေ ပေါ်လာတော့မှာပါ။ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကျောက်ကပ်ကကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် ဖြစ်လာမယ့်အရာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

အိပ်ပျော်မှုတွေမှာအနှောက်အယှက်ဖြစ်လာမယ်

အရင်ကတော့ ညဘက်တွေဆိုရင် ကောင်းကောင်းအိပ်ပျော်ပေမယ့် အခုနောက်ပိုင်းမှာတော့ အိပ်ချိန်တွေလျော့နည်းလာပြီလား။ ကျောက်ကပ်က လုပ်ဆောင်ပေးရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါမှာ အိပ်ပျော်မှုတွေကလည်း တဖြည်းဖြည်း အနှောက်အယှက် ဖြစ်လာတော့တာပေါ့။

ကိုယ်ခံအားလျော့နည်းလာမယ်

လူတစ်ယောက်မှာ ကိုယ်ခံအားကောင်းနေမှလည်း တက်တက်ကြွကြွလုပ်ဆောင်နိုင်ပြီး ကျန်းမာရေးလည်းကောင်းနေမှာပေါ့။ ဒါပေမယ့် ကျောက်ကပ်ကမကောင်းတော့တဲ့အခါမှာတော့ ကိုယ်ခံအားတွေလျော့နည်းလာပြီး ခေါင်းကိုက်တာတွေ၊ မကြာခဏမောပန်းတာတွေထိ ဖြစ်လာတတ်ပါတယ်။

ခြေဆစ်လက်ဆစ်တွေယောင်ရမ်းလာမယ်

ကျောက်ကပ်မကောင်းတော့တဲ့အတွက်ကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ပြောင်းလဲမှုတွေဖြစ်လာပြီး ခြေဆစ်လက်ဆစ်တွေ ယောင်ရမ်းနေတာမျိုးတွေနဲ့ ကြုံလာရနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ အငံစားတာတွေကိုလျော့စားမယ်၊ ရေများများသောက်ပေးမယ်ဆိုရင်တော့ ရောင်ရမ်းမှုတွေလျော့နည်းလာနိုင်ပါတယ်။

ခါးနာတာတွေကြုံတွေ့ရမယ်

မကြာခဏဆိုသလိုမျိုး ခါးနာနေတဲ့ပြဿနာကလည်း ကျောက်ကပ်မှတစ်ခုခုဖြစ်နေတာနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ခဏခဏဆိုသလိုမျိုး နောက်ကျောနဲ့ ခါးတွေနာနေတာကိုခံစားရမယ်ဆိုရင် ကျောက်ကပ်ကိုစစ်ဆေးကြည့်သင့်ပါပြီနော်။

ဒီလိုအခြေအနေမျိုးတွေကို ကြုံတွေ့လာရပြီဆိုရင် ပေါ့ဆမနေပဲ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ တိုင်ပင်တာမျိုးတွေ၊ ဆေးသောက်တာမျိုးတွေကို လုပ်ဖို့တိုက်တွန်းချင်ပါတယ်။