ဟင်းချက်ဓားကို သုံးပါများတဲ့အခါမှာ သံချေးလိုလို ကြေးတွေ ကပ်နေတတ်ပါတယ်။ ဓားက စွန်းထင်းညစ်ပတ်နေရင် ဟင်းချက်တဲ့အခါမှာ စိတ်မသန့်သလို ခံစားရမှာပါ။

ဓားကို ရေစပ်စပ်မှာ ထားတာ၊ စိုစွတ်တဲ့နေရာမှာ ထားတာဟာ သံချေးတက်တာ၊ ကြေးတွေ ကပ်တာဖြစ်နိုင်ပါတယ်။ ဓားတွေ တော်တော်များများက စတီးပါဝင်တဲ့ ရာခိုင်နှုန်းရှိတာကြောင့် ရေနဲ့ အောက်စီဂျင်ပေါင်းပြီး သံချေးကိုက်သလိုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓားမှာ အနီရောင် အစက်အပြောက်တွေ ပေါ်လာတတ်ပါတယ်။

အဲ့လို ညစ်နေတဲ့ ဓားကို အလွယ်တကူ တောက်ပြောင်အောင်လုပ်နိုင်မယ့် နည်းလမ်းကို ဝေမျှချင်ပါတယ်။

သံပုရာရည်

ဓားတွေကို သံပုရာရည်ထဲမှာ နှစ်လိုက်ရင် လွယ်လွယ်ကူကူနဲ့ အညစ်အထေးတွေကို ဖယ်ရှားနိုင်မှာပါ။ သံပုရာရည်၊ ရေနွေးနွေး နဲ့ ခွက်တစ်ခွက်ဘဲ လိုပါတယ်။

သံပုရာရည်နဲ့ ရေနွေးနွေးကို အချိုးကျ ခွက်တစ်ခွက်ထဲမှာ ရောစပ်လိုက်ပါ။ ခွက်က ဓားတစ်ခုလုံးကို မြှပ်နိုင်ဖို့ ခွက်ရှည်ရှည်လိုအပ်ပါတယ်။

ကြေးတွေနဲ့ သံချေးတွေနဲ့ညစ်ထေးနေတဲ့ ဓားကို ၁၀ မိနစ်လောက် စိမ်ထားလိုက်ပါ။

ဓားကို ခွက်ထဲကနေ ထုတ်လိုက်ပြီး ခြောက်သွေ့နေတဲ့ အဝတ်စ တစ်ခုနဲ့ပွတ်တိုက်လိုက်ပါ။ ဒါဆိုရင် အစွန်းအထင်းတွေ ပြောင်သွားပါလိမ့်မယ်။ ဓားရဲ့ ညစ်ထေးမှု အခြေအနေအပေါ် မူတည်ပြီး ထပ်ခါထပ်ခါ လုပ်ဖို့လည်း လိုအပ်လိမ့်မယ်။

 

ဆားအနည်းငယ်လည်း ထည့်လို့ရ

သံချေးကိုက်သလိုဖြစ်နေတာ အရမ်းဆိုးနေရင် သံပုရာရည်ကို ဆားအနည်းငယ်နဲ့ ရောပြီး သံချေးကိုက်နေတဲ့နေရာကို သုတ်လိမ်းပေးပါ။ ဒါပေမယ့် အကြာကြီးမထားပါနဲ့။ ခဏကြာရင် ခြောက်သွေ့တဲ့ အဝတ်စ၊ သဘက်တွေနဲ့သုတ်ပါ။ အရမ်းကြာသွားရင် သတ္တုကို ထိခိုက်စေပြီး ဓားကို ပျက်စီးစေပါတယ်။

 

ပြန်လည်မညစ်ထေးစေဖို့

အခုလို သန့်ရှင်းရေးလုပ်ပြီးရင် ပြန်လည်မညစ်ထေးဖို့ ဓားကို ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းဖို့ လိုအပ်ပါတယ်။