ကျွန်မတို့ တော်တော်များများ က မနက်ခင်းကို ရေတစ်ခွက်အဝသောက်ပြီး စတင်လေ့ရှိပါတယ်။ ဒါပေမယ့် ရေသောက်တဲ့အခါမှာ အများအားဖြင့် အေးနေတဲ့ရေကို သောက်လေ့ရှိပါတယ်။ အကောင်းဆုံးကတော့ မနက်နိုးနိုးချင်း အစာမစားခင်မှာ ရေနွေးပူပူတစ်ခွက်ကို မှုတ်ပြီးသောက်သင့်ပါတယ်။

အဲ့လို သောက်ပေးခြင်းဖြင့် အစာခြေစနစ်အတွက်ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် တချို့ အာဟာရ ကျွမ်းကျင်ပညာရှင်တွေက မနက်ခင်းကို ရေနွေးပူပူတစ်ခွက် ဒါမှမဟုတ် ရေနွေးကြမ်းတစ်မျိုးနဲ့ စတင်ဖို့ အကြံပေးထားတာတွေရှိပါတယ်။

မနက်ခင်းကို ရေနွေးပူပူတစ်ခွက်နဲ့ စတင်မယ်ဆိုရင်

ဝမ်းချုပ်တာကို ကာကွယ်ပေး

ဝမ်းချုပ်တာကို ပျောက်ကင်းစေမယ့် ငှက်ပျောသီးအခွံ

ကျွန်မတို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေက အစာချေဖို့ ခက်ခဲတဲ့ အစားအစာတွေလည်းစားမိနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာတွေ ဖြစ်လာတတ်ပါတယ်။ ဝမ်းချုပ်ရင် ခေါင်းကိုက်၊ နေရထိုင်ရ မအီမသာဖြစ်တာ တို့လည်း ဖြစ်တတ်ပါတယ်။ ရေနွေးပူပူတစ်ခွက်က အူလမ်းကြောင်းလှုပ်ရှားမှုကို အားကောင်းစေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေ

ရေနွေး ပူပူတစ်ခွက်ဟာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေကို ဆေးကြောပေးနိုင်ပါတယ်။ ရေက အစာခြေစနစ်ကို အားကောင်းစေပြီး အစာဟောင်းတွေကို အမြန်စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ ရေခဲရေသောက်လို့ရှိရင် စားခဲ့တဲ့ အစားအစာတွေထဲက အဆီတွေကို အခဲဖြစ်အောင် လုပ်ပြီး အဆီပိုတွေဖြစ်လာပါတယ်။ ဒါကြောင့် ရေခဲရေသောက်သုံးတာထက် ရေနွေးသောက်သုံးတာ ပိုကောင်းပါတယ်။

နာကျင်ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းစေ

ရေနွေးပူပူတစ်ခွက်ဟာ ခေါင်းကိုက်တာတွေ၊ ဓမ္မတာလာစဉ်မှာ နာကျင်တဲ့ ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ရေနွေးပူပူတစ်ခွက်က ကြွက်သားတွေကို နာကျင်မှုကိုလည်း သက်သာစေပါတယ်။

ကိုယ်အလေးချိန် ကျဆင်းစေ

ရေနွေးပူက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို မြင့်တက်စေပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်း အားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အဆီတွေ လောင်ကျွမ်းအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ရေနွေးပူပူတစ်ခွက်ထဲကို သံပုရာသီးညှစ်ပြီးသောက်ရင် ပိုကောင်းပါတယ်။