အထိုင်များရင်ဘာဖြစ်မလဲဆိုတဲ့အမေးကို ရေဒီယိုမှာသုံးချင်တယ်ဆိုလို့ ဖြေလိုက်ရပါတယ်။ မေးတာက အမျိုးသမီးတွေ ကျန်းမာရေးအတွက် ဖြစ်ပါတယ်။ လူဆိုတာ လျောင်း-ထိုင်-ရပ်-သွား ဣရိယာပုတ်လေးပါး မျှတနေဘို့လိုပါတယ်။

သူများနိုင်ငံတွေကိုသွားပြီး အလုပ်လုပ်ကြရသူတွေထဲမှာ များသောအားဖြင့် အကြာကြီး ဆက်တိုက် မတ်တပ်ရပ် အလုပ်လုပ်ရတဲ့ ဒုက္ခကိုခံကြရတယ်။ အရောင်းဆိုင်တွေမှာ ဝယ်သူမလာချိန်မှာတောင် ထိုင်နေဘို့ရာ ထိုင်ခုံပေးမထားပါ။ မြန်မာပြည်မှာ ဆေးလိပ်သမတွေက တချိန်လုံးထိုင်နေရတယ်။

ခုခေတ်လူရွယ်တွေ ကွန်ပြူတာရှေ့မှာ အကြာကြီးထိုင် အလုပ်လုပ်ရတယ်။ ကိုယ်အနေအထားတခုခုမှာ မပြုပြင်ဘဲ အချိန်ကြာကြာနေရလေလေ ကျန်းမာရေးကို သက်ရောက် ထိခိုက်လေဖြစ်ပါမယ်။

သွေးလေမလျှောက်ဘူးလို့ အရပ်ပြော ပြောလေ့ရှိတယ်။ မမှားပါ။ သွေးလှည့်ပတ်မှုကို သက်ရောက်မယ်။ အာရုံကြောကို ဖိထားသလိုနေလို့ ထုံတာကျင်တာဖြစ်မယ်။ သွေးပြန်ရည်စနစ်ကို ဖိထားခံရလို့ ရောင်တာဖြစ်မယ်။ ဖိထားခံရတဲ့ (တစ်ရှူး) တွေ ဒဏ်ခံရမယ်။ ဒါ့ပြင် စိတ်ဖိအားလဲ ဖြစ်စေနိုင်တယ်။

အသက်ကြီးသူတွေမှာ ပိုဆိုးတယ်။ ဆိုးဝါးတဲ့၊ အသက်ကိုပါရန်ရှာနိုင်တဲ့ သွေးကြောထဲ သွေးခဲဖြစ်ပြီး ပိတ်တာမျိုး ဖြစ်လာစေနိုင်တယ်။ ခါးနာ၊ ခါးရိုးဆစ်ထဲကအာရုံကြောအလုပ်နည်းတာ၊ အဆစ်နာ၊ ပခုံးလုံးဝန်းရောဂါ၊ ဗိုက်ပူတာတွေ ဆက်ဖြစ်နိုင်တယ်။ အဆစ်နဲ့ကြွက်သားတွေနာမယ်။ ခေါင်းကိုက်မယ်။

လူတွေဟာ ကလေးငယ်ဘဝတုံးက ဘေးတိုက်ကြည့်လိုက်ရင် အင်္ဂလိပ်စာလုံး အက်စ် လိုရှိတာတွေ့ပါမယ်။ အသက်ရလာတာနဲ့ အက်စ် ကနေ စီ လိုဖြစ်လာတော့တယ်။ အကြံပေးချက်ရိုးရိုးလေးကတော့ သင့်ကြွက်သားစကား နားထောင်ပါတဲ့။

နာလာ-ညောင်းလာရင် ကြွက်သားက ပြောလာလိမ့်မယ်။ ဘာလုပ်ပေးရမလဲဆိုတာကို ရိုးရိုးလေး ပြောရရင် ဖြစ်နေခဲ့တာကို ပြောင်းပြန်လုပ်လိုက်ပါ။ ကုန်းနေရရင် ဆန့်လိုက်ပါ။ ထိုင်နေရရင် ရပ်လိုက်ပါ။ အနေအထား ဂရုမစိုက်နိုင်ရင် အဆစ်နာနေသူတွေကို ပိုဆိုးစေမယ်။ လူရုပ်ကို မလှစေဘူး။

နာလို့ ထိုင်နေရတာမှာလဲ ဇိမ်ကျကျနေရတာ မကောင်းပါ။ ပြော့အိတဲ့မျက်နှာပြင်မှာ ကြာကြာမထိုင်သင့်ပါ။ ပက်လက် ကုလားထိုင်မှာလဲ ကြာကြာမထိုင်သင့်ပါ။ အိပ်တဲ့အခါ မွေ့ယာဆိုတာ ကိုယ့်ခါးနဲ့ အနေတော်သင့်တယ်။ ခေါင်းအုံးက ကိုယ်လည်ပင်းနဲ့ အနေတော်ရမယ်။ အသက်ရလေလေ မာကြောတဲ့မျက်နှာပြင်နဲ့ သင့်လေလေဖြစ်တယ်။ မာလွန်း၊ ကြမ်းလွန်းတာလဲ မကောင်းပါ။

စမတ်ကျကျဆုံလည်ကုလားထိုင်မှာ ကွန်ပြူတာရှေ့ အလုပ်လုပ်ရသူတွေမှာလဲ မျက်စိကိုထိခိုက်စေတယ်။ မိနစ် ၂ဝ ကြာရင် ပေ ၂ဝ အကွာကို စက္ကန့် ၂ဝ ကြာကြည့်ပေးပါ။ (စာတပုဒ် ရေးထားပါတယ်။)

ဖိခံနေရတဲ့ တင်ပါးမှာ သွေးလျှောတာနည်းလို့ အနာပေါက်တာဖြစ်နိုင်တယ်။ ဗက်တီးရီးယးတွေက လူ့ကိုယ်မှာ အပြင်မှာရော အထဲမှာပါရှိနေတယ်။ သူတို့ကြိုက်တဲ့အခြေအနေဖြစ်လာရင် ပေါက်ပွါးများပြားလာတယ်။ ဒဏ်ခံနေရတဲ့ အရေပြားထဲကိုဝင်လာနိုင်တယ်။ အနာပေါက်မယ်။ တချို့က ပြည်တည်စေမယ်။

ရေဒီယိုကမေးလို့ အမျိုးသမီးကျန်းမာရေးအတွက် သတ်သတ်မှတ်မှတ်ပြောလိုက်တာရှိပါတယ်။ အထိုင်များရင် စဉ်းစား ကြည့်နိုင်ပါတယ်။ လေဝင်တာမရသလောက်နည်းမယ်။ အပူချိန်များမယ်။ ချွေးပိုထွက်မယ်။ ပူအိုက်စိုထိုင်းတာကို ဖန်းဂတ်စ် (မှို) တွေကကြိုက်တယ်။ ဒါကြောင့် မိန်းကလေး အပျိုစစ်စစ်တွေမှာ အဖြူဆင်းတာဖြစ်စေနိုင်တယ်။

ထိုင်နေရရင် ကိုယ်အလေးချိန်က ဘယ်နဲ့ညာပေါ် မှာနေညီနေသင့်တယ်။ ဒူးကိုကွေးရရင် ၉ဝ ဒီဂရီရှိတာက အကောင်းဆုံးဖြစ်တယ်။ ခြေဖဝါးက ကြမ်းပြင်မျာ ပြာလိုက်ညီညီချထားသင့်တယ်။ အနေအထားတခုမှာ မိနစ် ၃ဝ ထက် မကြာသင့်ဘူး အသက်ကြီးသူတွေက ပိုပြီး အချိန်တိုမှာ ပြင်သင့်ကြတယ်။

ကားမောင်းရသူတွေ ထိုင်ရတာ အနေတော်ဖြစ်အောင် ဂရုစိုက်ပါ။ ခါးနောက်က တခုခု အဆင်ပြေတာရှာပါ။ ဒူးဟာ တင်ပါးနဲ့ တတန်းထဲ၊ ဒါမှမဟုတ် မြင့်နေသင့်တယ်။ စတီယာရင်နဲ့ ကိုယ်နဲ့ အနေတော် ဝေးနေစေပါ။

တခုခုကို မ,စရာရှိရင် ပေါင် ၃ဝ ထက်များတာ မကောင်းပါ။ မ,မခင် ကိုယ့်အောက်ပိုင်းက မြေပြင်-ကြမ်းပြင်မှာ ခိုင်ခိုင်မာမာ ရပ်ထားပါ။ မ,မဲ့အရာက ကိုယ့်ခါးအောက်ကဖြစ်နေတာက ပိုသက်သာတယ်။ ခါးကို မတ်မတ်ထားပြီးမှသာ မ,ပါ။

စားပွဲပေါ်ကအရာကို မမယ်ဆိုရင် စားပွဲစွန်းကို အရင်ဆွဲယူပါ။ အောက်ချတော့မယ်ဆိုရင် ဗိုက်ကြွက်သားတွေ တင်းထားပါ။ ခါးနဲ့ ဒူးကွေးထားပါ။ ကုလားထိုင်အမြင့်ဟာ ကိုယ့်အရပ်အမောင်းနဲ့ အနေတော်သင့်တယ်။ အလုပ်စားပွဲကလဲ အဲလိုဖြစ်သင့်တယ်။