ပြီးခဲ့တဲ့နှစ်ပတ်အတွင်း သင်ကိုယ်အလေးချိန်တက်လာတယ်လို့ ခံစားမိရင် သင့်ရဲ့ အိပ်ချိန်ကို စစ်ဆေးသင့်ပါတယ်နော်။ ညဘက်အိပ်ရေးပျက်တာက နောက်နေ့လုပ်ငန်းဆောင်တာတွေကို နည်းမျိုးစုံနဲ့ အဆင်မပြေဖြစ်စေပါတယ်။

2016 ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုမှာ အိပ်ချိန်နည်းတဲ့သူတွေက ဝိတ်တက်လွယ်တယ်လို့ဖော်ပြထားပါတယ်။ သင်က ကျန်းမာတဲ့ခန္ဓာကိုယ် ပုံစံကို တည်ဆောက်နေသူဆိုရင်တော့ အိပ်ရေးဝတာက တစ်ဘက်တစ်လှမ်းကနေ အကူအညီပေးပါတယ်။

MyHealth Myanmar ပရိတ်သတ်တွေအတွက် အိပ်ချိန်မှန်ဖို့က ဘယ်လောက်ထိအရေးကြီးလဲဆိုတာ သတိပြုမိအောင် ဖော်ပြလိုက်ပါတယ်နော်။

သင့်အသက်အရွယ်မှာသတ်မှတ်ထားတဲ့အိပ်ချိန်ထက် နည်းခဲ့မယ်ဆိုရင် တခြားနေ့တွေမှာ လုပ်ရမယ့်လုပ်ငန်းတွေမှာ ဆိုးကျိုးတွေဖြစ်စေပါတယ်။ ဥပမာ လုပ်ငန်းဆောင်ရွက်မှုနှေးကွေးတာ၊ အားအင်နည်းပါးတာ၊ ဒေါသထွက်လွယ်တာနဲ့ လုပ်ငန်းခွင်ကလူတွေနဲ့ သို့မဟုတ် သင့်လက်တွဲဖော်နဲ့ စကားများရန်ဖြစ်နိုင်ချေများပြားပါတယ်။ လန်ဒန်မြို့ King’s College နဲ့ Amsterdam မြို့ Vrije တက္ကသိုလ်နှစ်ခုက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ညဘက်အိပ်တာနောက်ကျပြီး အိပ်ရေးပျက်တဲ့သူတွေဟာ နောက်နေ့မှာ ကယ်လိုရီအများအပြား စားသုံးနိုင်ချေရှိကြောင်းဖော်ပြထားပါတယ်။

အဆိုပါ သုတေသနမှာ အိပ်ရေးပျက်ခြင်းနဲ့ ဝိတ်တက်ခြင်းကြားဆက်နွယ်မှုကို လေ့လာမှု ၁၁ ခုနဲ့ ပြုလုပ်ခဲ့တာပါ။ သုတေသနမှာ ပါဝင်ကူညီပေးသူ ၁၇၂ ယောက်ရှိခဲ့ပါတယ်။ ပါဝင်သူအားလုံးမှာ တချို့ကို ၂ပတ်ကြာ အိပ်ချိန်မမှန်အောင်ထားပါတယ်။ ကျန်လူတွေကိုတော့ အိပ်ချိန်မှန်မှန်အိပ်စေပါတယ်။     ၂ ပတ်ကြာပြီးနောက်မှာ သူတို့ရဲ့ ကယ်လိုရီအဝင်ကို တွက်ချက်ပါတယ်။  လေ့လာမှု ၁၁ခုမှာ အိပ်ချိန်မမှန်တဲ့သူတွေက မှန်သူတွေထက် ပျမ်းမျှ ၃၈၅ ကယ်လိုရီပိုစားကြောင်း အဖြေထွက်ခဲ့ပါတယ်။  ဒီစမ်းသပ်ချက်က ၂ ပတ်အတွင်း အိပ်ချိန်နဲ့ ကိုယ်အလေးချိန်ဆက်စပ်မှုကို လေ့လာတာပါ။ ဒီအချိန်ကာလထက် ကျော်လွန်ပြီး အိပ်ရေးပျက်သူများဟာ အချိန်ကြာလာတာနဲ့အမျှ သက်ရောက်မှုနဲ့ ကယ်လိုရီက ဆက်တိုးဖို့ပဲရှိပါတယ်။

စမ်းသပ်မှုထဲပါဝင်သူများဟာ အိပ်ရေးဝတဲ့နေ့တွေမှာ စားသောက်ပုံစံပြောင်းလဲသွားပြီး အိပ်ရေးပျက်တဲ့အချိန်တွေမှာတော့ အဆီပါဝင်မှုများတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်တတ်ကြပါတယ်။ ပရိုတိန်းနည်းတဲ့ အစားအသောက်တွေကိုလည်း ပိုခုံမင်ကြပါတယ်။ အိပ်ချိန်မမှန်တဲ့သူတွေဟာ ကယ်လိုရီလောင်ကျွမ်းမှုမရှိဘဲ ကယ်လိုရီတွေပိုစားမိရာကနေ ဝိတ်တက်လာကြတာပါ။

အိပ်ရေးပျက်တာက ဗိုက်ဆာတာနဲ့ ပမာဏအများအပြားစားသုံးစေတဲ့ ဟော်မုန်းတွေကို ရောထွေးစေပါတယ်။ အိပ်ချိန်မမှန်တာက စိတ်ဓာတ်တက်ကြွမှု၊ ဆုလာဒ်အပိုင်းနဲ့ ဆက်စပ်တဲ့ ဦးနှောက်နေရာကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ညဘက်နောက်ကျမှအိပ်သူတွေက နောက်နေ့မှာ အားအင်ကုန်ခမ်းပြီး အစားအသောက်ကိုပိုမက်စေပါတယ်။ အဲ့အချိန်မှာ ဝိတ်တက်တာတွေ ခေါင်းထဲမထားတော့ပါဘူး။ အိပ်ရေးပျက်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဒီတင်မပြီးသေးပါဘူး။

အိပ်ရေးပျက်တဲ့နေ့မှာ အဆီများတဲ့အစားအသောက်တွေကို ပိုစားမိကြောင်းအပေါ်မှာ ပြောခဲ့ပြီးပါပြီ။ ဟမ်ဘာဂါနဲ့ ကြက်ကြောလို အဆီများတဲ့အစားအသောက်တွေက အိပ်မပျော်တာနဲ့ အိပ်ရေးမဝတာကို ဦးတည်နေပါတယ်။ ဒီမှာတင်ပဲ နောက်နေ့ အဆီများတာတွေထပ်စားမိပြီး ကယ်လိုရီတက်လာမှာပါ။ အိပ်ရေးပျက်တဲ့သံသရာစက်ဝိုင်းက အဆက်မပြတ်ဖြစ်နေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံဖြစ်သွားမှာပါ။

ဒါကြောင့်ညဘက်အိပ်တာနောက်ကျသူတွေက ကျန်းမာရေးနဲ့မညီညွတ်တဲ့ စက်ဝန်းထဲရောက်ရှိသွားမှာပါ။ သင့်မှာကော အိပ်ရေးဝအောင် အိပ်တဲ့နည်းလမ်းတွေ ဘာတွေရှိရင်လည်း ပြောခဲ့ပါဦးနော်။

Source: Brightside.me