Osteomalacia ဟာ အရိုးတွေပျော့တာလို့ဆိုပါတယ်။ အရိုးတည်ဆောက်ဘို့ လိုအပ်တဲ့ ဖေါ့စ်ဖါးရပ်စ်နဲ့ ကယ်လ်စီယမ်တွေ နည်းလို့ဖြစ်တယ်။ ဒါမှမဟုတ် ကယ်လ်စီယမ်တွေကို ပြန်လည်စုပ်ယူတာက လိုတာထက် များလို့ ဖြစ်တယ်။ ဒုတိယနည်းကို ပါရာသိုင်းရွိုက်အလုပ်ပိုလုပ်တာကနေ ဆက်ဖြစ်တယ်။

ကလေးတွေမှာ Osteomalacia ဖြစ်တာကို Rickets လို့ခေါ်တယ်။ Rickets ကို အရိုးပျော့ရောဂါလို့ အစဉ်အလာ ဘာသာပြန်တယ်။ Osteoporosis ဆိုတာက အရိုးထုထည်နဲ့ သိပ်သည်းဆနည်းနည်းလာတာဖြစ်တယ်။ ကျိုးလွယ်စေတယ်။ Bone mineral density (BMD) တိုင်းရင် နည်းနေမယ်။

ဒါကြောင့် Osteomalacia ကို အရိုးပျော့ရောဂါနဲ့ Osteoporosis ကို အရိုးအားနည်းရောဂါ၊ ဒါမှမဟုတ် အရိုးပွရောဂါလို့ ဘာသာပြန်တာ သင့်မယ်ထင်ပါတယ်။ အရိုးအတူးကုဆရာဝန်တွေက တိတိကျကျ ပြောနိုင်မှာပါ။ မေးခွန်းမေးလို့ ကျေးဇူးတင်တယ်ဗျာ။

အမျိုးသမီးအသက်ကြီးသူတွေမှာ အဲလိုဖြစ်တာကို Osteoporosis အော်စတီယို ပိုရိုးဆစ်လို့ခေါ်တယ်။ တခြား နာမည်တွေရှိတယ်၊ Thin bones အရိုးပါးခြင်းနဲ့ Low bone density အရိုးသိပ်သည်းဆနည်းခြင်း။ အရိုးအားနည်းတာ ပြောလည်း မှန်တယ်။ အားနည်းတော့ ကျိုးလွယ်မယ်။ အရိုးရောဂါထဲမှာ အများဆုံးဖြစ်တာလို့ ပြောနိုင်တယ်။

Calcium ကယ်လ်စီယမ်နဲ့ တခြားဓါတ်တွေကို စစ်ဆေးရင် နည်းနေတာတွေ့ရမယ်။ ကယ်လ်စီယမ်က လူကြီးပုံမှန် 9.0 to 10.5 mg/dL နဲ့ ဒါမှမဟုတ် 2.25 to 2.75 mmol/L လို့ အဖြေထွက်မယ်။ ကလေးဆိုရင် 7.6 and 10.8 mg/dL ဒါမှမဟုတ် 1.9 to 2.7 mmol/L လို့ အဖြေထွက်မယ်။

အမျိုးသမီးတွေ အသက် ၅ဝ ကျော်လာရင် တဝက်လောက်မှာဖြစ်တယ်။ အရိုးတခုခုကျိုးပြီး ဆေးရုံ ရောက်လာကြတယ်။ အရိုးဆိုတာ အသက်ရှိနေသ၍ အသစ်ဖြစ်လိုက်၊ အိုဟောင်းလိုက်၊ သေသွားလို့ အစားထိုးလိုက်နဲ့ သံသရာ လည်နေတယ်။ အသစ်အစားမထိုးနိုင်လာရင် ဒီရောဂါဖြစ်လာမယ်။ ကယ်လ်စီယမ်နဲ့အတူ ဗီတာမင် (ဒီ) လဲ အတူတူ လိုတယ်။

တချို့လူမျိုးတွေမှာ၊ တချို့မိသားစုတွေမှာ ပိုဖြစ်ကြတယ်။ အမျိုးသမီးတွေမှာ အီစထိုဂျင်ဟော်မုန်း၊ အမျိုးသားတွေမှာ တက်စတိုစတီရုန်းဟော်မုန်း နည်းလာချိန်ဖြစ်တဲ့ တချို့ရောဂါတွေအတွက်ပေးနေရတဲ့ ဆေးတွေကြောင့်လဲ ဖြစ်တယ်။ အိပ်ယာထဲ အကြာကြီးလဲနေရသူတွေ၊ အရက်သောက်များသူတွေ၊ ပိန်သူတွေ၊ ဆေးလိပ်သောက်သူတွေမှာ ပိုတွေ့ရတယ်။

ရောဂါရှိနေပေမဲ့ ဘာမှ မခံစားရတာကများတယ်။ အရိုးကျိုးမှ စစ်တော့သိလာရတတ်တယ်။ ခါးရိုးထဲက နာတာကြာသူတွေ စစ်သင့်တယ်။ ရောဂါဖြစ်လို့ကြာရင် တချို့က အရပ်ပုသွားကြတယ်။

Bone mineral density testing စစ်ဆေးနည်းလုပ်ရတယ်။ DEXA scan နည်းလုပ်တာများတယ်။ အရိုးတွေကို ဓါတ်မှန်လဲရိုက်တယ်။ မကျိုးဘဲရိုက်ကြည်တာနဲ့တော့ မသိနိုင်ပါ။

အမျိုးသမီးတွေ ၄၅-၅ဝ နှစ်ဝန်းကျင် သွေးဆုံးချိန်မှာ ဒီရောဂါဖြစ်လာတယ်။

  • အသက် အသက် ၅ဝ ကျော်အမျိုးသမီးများ ကယ်လ်စီယမ် 1,000 mg နဲ့ ဗီတာမင် (ဒီ) 400 – 800 IU နေ့စဉ် လိုတယ်။
  • အသက် ၅၁ ကနေ ၇ဝ ဆိုရင် ကယ်လ်စီယမ် 1,200 mg of calcium နဲ့ ဗီတာမင် (ဒီ) 400 – 800 IU နေ့စဉ် လိုတယ်။
  • ယောက်ျား အသက် ၅၁ ကနေ ၇ဝ အတွက် ကယ်လ်စီယမ် 1,000 mg နဲ့ ဗီတာမင် (ဒီ) 400 – 800 IU လိုတယ်။
  • အသက် ၇ဝ ကျော်သူတိုင်း ကယ်လ်စီယမ် 1,200 mg နဲ့ ဗီတာမင် (ဒီ) 800 IU နေ့စဉ်လိုတယ်။

လူနေမှုပုံစံပြောင်းရတော့မယ်။ အစားအသောက်ပြင်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ ကယ်လ်စီယမ် နဲ့ ဗီတာမင် (ဒီ) သောက်ပါ။ Bisphosphonates ဆေးကို အများဆုံးပေးတယ်။ Estrogens, Teriparatide, Raloxifene, and Calcitonin တွေလဲ ပေးနိုင်တယ်။ ဆေးလိပ်၊ အရက် လျှော့ပါ-ဖြတ်ပါ။ ချော်လဲမှာမှန်သမျှ သိထားပါ။

ပင်လယ်ငါးများ၊ အရိုးပါစားလို့ရတဲ့ငါးတွေ၊ နွားနို့၊ ဒိန်ခဲ၊ တို့ဖူး၊ ဘဂီကူလီ ခေါ်တဲ့မုံလာပွင့်အစိမ်းရောင်တွေမှာ ကယ်လ်စီယမ် ပါတယ်။ ခွဲစိတ်ကုသဘို့လိုသူတွေကို Kyphoplasty နည်းနဲ့ Spinal fusion နည်းလုပ်ရတယ်။