အာရှဒေသမှာ နီကျင်ကျင်ဖြစ်နေတဲ့ ကွမ်းဂျိုးအပြည့်နဲ့ သွားတွေကို သင်မြင်တွေ့ရလေ့ရှိပါတယ်။ ဒါဟာ ကွမ်းသီး၊ ထုံး၊ ဆေး နဲ့ ဆေးရွက်ကြီး စတာတို့ နဲ့ပြုလုပ်ထားတဲ့ ကွမ်းတွေကို စားသုံးလေ့ရှိတာကြောင့် ဖြစ်ပါတယ်။

ကွမ်းကို ၀ါးနေရင် လျှာမှာ ထုံကျင်ကျင် အရသာခံစားရမှာဖြစ်သလို ကင်ဆာရောဂါတွေနဲ့လည်း တဖြည်းဖြည်း နီးစပ်လာပါတယ်။

ရန်ကုန်မြို့ရဲ့ လက်ကားဈေးကြီးတစ်ခုမှာ ခေါက်ဆွဲရောင်းနေတဲ့ အသက် ၂၈ နှစ်အရွယ် မျိုးမင်းသန်းကတော့ “တချို့လူတွေကတော့ လက်ဖက်ရည်၊ ကော်ဖီသောက်ပြီးတဲ့အချိန်မှာ စားကြတယ်။ ကျွန်တော်ကတော့ တစ်ခုခုစားပြီးတဲ့အချိန်တိုင်း စားတယ်။ ကြိုက်တာကိုး”လို့ပြောပါတယ်။

ကော်ဖီတို့ လက်ဖက်ရည်တို့လိုဘဲ ကွမ်းကလည်း လူကို လန်းဆန်းတက်ကြွစေပါတယ်။ ဒါပေမယ့် မတူတာကတော့ ခံတွင်း ကင်ဆာဖြစ်နိုင်မှု အန္တရာယ်ကြီးမားတာပါဘဲ။

“တစ်ယာ စားရုံနဲ့တော့ ဘာမှမဖြစ်ပေမယ့် ဒုတိယတစ်ယာ စားတဲ့အချိန်မှာတော့ အန္တရာယ်ရှိလာပါပြီ၊ စားတဲ့ ပမာဏများလာတဲ့အခါမှာ ကင်ဆာတွေဖြစ်လာကြတာပါဘဲ” လို့ ထိုင်ဝမ်မှာရှိတဲ့ တရုတ် ဆေးပညာ တက္ကသိုလ်က ပါမောက္ခ Ying-chin Ko က ပြောပါတယ်။

သူဟာ ၁၉၉၀ ပြည့်နှစ်လောက်ကတည်းကကွမ်းနဲ့ ခံတွင်းကင်ဆာ ဆက်စပ်မှုကို သုတေသနစပြီး လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကွမ်းစားသူပေါင်း သန်း ၆၀၀ နီးပါးရှိနေပြီး ဆေးရွက်ကြီး၊ အရက်နဲ့ ကော်ဖီသောက်သုံးသူတွေပြီးရင် စတုတ္ထမြောက်အများဆုံးဖြစ်ပါတယ်။

ကွမ်းတွေကို အာရှမှာ အဓိက စားသုံးကြပြီး တခြား ဆေးလိပ်၊အရက်တို့လို အသက်အရွယ်ကန့်သတ်မှုလည်းမရှိတာကြောင့် ကလေး၊ လူငယ်တွေ စားသုံးနေတာကိုတောင် တွေ့မြင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကွမ်းကို အငှားယာဉ်မောင်းတွေ ပိုပြီး စားသုံးကြပါတယ်။ အသက် ၃၇ နှစ်အရွယ် ဦးစိန်က တစ်နေ့ကို ကွမ်းအနည်းဆုံး ၁၀ ယာလောက်တော့ စားဖြစ်တယ်လို့ဆိုပါတယ်။

“ဆေးရွက်ကြီးကလည်း မူးယစ်ဆေးဝါးလိုပါဘဲ။ ဆေးရွက်ကြီးပါတဲ့ ကွမ်းယာ စားပြီးရင် မူးလာတယ်” လို့ ပြောပါတယ်။

ကွမ်းယာထဲမှာ ဆေးရွက်ကြီးထည့်တာ၊မထည့်တာနဲ့မဆိုင်ဘဲ ကွမ်းစားရင် ကင်ဆာဖြစ် နိုင်ချေရှိတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ကွမ်းစားတဲ့သူတိုင်းတော့ ခံတွင်းကင်ဆာမဖြစ်နိုင်ပေမယ့် ခံတွင်းကင်ဆာဖြစ်သူတွေကိုကြည့်ရင် အများစုက ကွမ်းစားတဲ့သူတွေဖြစ်ပါတယ်။

ကင်ဆာဖြစ်စေတဲ့ Carcinogens တွေက ကွမ်းဝါးရင် ထွက်လာတဲ့ ကွမ်းတံထွေးတွေထဲမှာတွေ့ရပြီး အဲ့ဒီဓာတ်တွေက ဆေးရွက်ကြီးထဲကနေ ထွက်တာလား၊ ကွမ်းယာတွေကို ၀ါးတာကြောင့် ထွက်လာတာလားဆိုတာ မသေချာသေးပါဘူး။

ပါမောက္ခ Ying-chin Ko က “ကွမ်းရွက်တွေကလည်း ကင်ဆာမဖြစ်နိုင်ဘူး။ ထုံးကလည်း ကင်ဆာမဖြစ်နိုင်ဘူး။ ဒါပေမယ့် ၂ခုပေါင်းပြီးဝါးလိုက်ရင် ကင်ဆာဖြစ်စေတဲ့ Carcinogens တွေထွက်လာပါတယ်။ ဒါက လူတွေသတိမထားမိတဲ့ အန္တရာယ်ပါဘဲ”လို့ ပြောပါတယ်။

အာရှနိုင်ငံတော်တော်များများကတော့ ကွမ်းစားတဲ့ ဓလေ့ကို ပျောက်ကွယ်အောင် ကြိုးစာနေပေမယ့်လည်း အခုအထိတော့ မအောင်မြင်သေးပါဘူး။

“လူတွေက အန္တရာယ်ဖြစ်နိုင်တာကိုသိပေမယ့် မဖြတ်နိုင်ကြသေးဘူး” လို့ ပါမောက္ခ Ying-Chin Ko ကပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ကွမ်းရွက်တွေ၊ ကွမ်းသီးတွေကို စိုက်ပျိုးတဲ့အခါမှာ ဓာတုဓာတ်မြေသြဇာတွေ အလွန်အကျွံ အသုံးပြုတာကြောင့် ခံတွင်းကင်ဆာတွေဖြစ်လာကြတယ်လို့ ထင်မြင်နေကြပါတယ်။

ဒါပေမယ့် ဒီလိုထင်မြင်ချက်ကိုတော့ ပါမောက္ခ Ying-Chin Ko က သိပ္ပံနည်းကျ စမ်းသပ် အတည်ပြုမှုတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

“ဒီ ၂ခုက ဆက်စပ်မှုမရှိပါဘူး။ ကွမ်းသီးတွေ၊ ကွမ်းရွက်ပင်တွေက ပိုးမွှားအန္တရာယ်ကို အရမ်းခံနိုင်တဲ့ အပင်တွေပါ။ ဒါကြောင့် ဓာတ်မြေသြဇာတွေ အလွန်အကျွံ မသုံးနိုင်ပါဘူး”လို့ ပါမောက္ခ Ying-Chin Ko ကပြောပါတယ်။

“သိပ္ပံစမ်းသပ်ချက်တွေအရ ဓာတ်မြေသြဇာတွေက သွေးကင်ဆာဖြစ်ပွားမှုတို့နဲ့သာ ဆက်စပ်မှုရှိတာကိုတွေ့ရပြီး ခံတွင်းကင်ဆာ ဖြစ်တာတော့ မတွေ့ရဘူး”လို့ ပါမောက္ခ Ying-Chin Ko ကပြောပါတယ်။

ဘယ်လို သက်သေပြချက်တွေဘဲ ရှိရှိ ခေါက်ဆွဲရောင်းတဲ့ မျိုးမင်းသန်းကတော့ ကွမ်းစားတဲ့ အကျင့်ကို စွန့်လွှတ်ဖို့ အစီအစဉ်မရှိသေးပါဘူး။

သူ့အလုပ်က မနက် ၃ နာရီကနေ ည ၈နာရီအထိ လုပ်ရတာကြောင့် အိပ်မငိုက်ဖို့ ကွမ်းစားရတာဖြစ်တယ်လို့ မျိုးမင်းသန်းက ဆိုပါတယ်။

CNN သတင်းဌာနက ရေးသားတဲ့ “Nothing to Smile about: Asia’s deadly addiction to betel nuts” ကို ထုတ်နုတ်ဘာသာပြန်ထားတာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဆစ်ဂနယ်လိုမျိုး ကယ်လ်ဆီယမ်နဲ့ ဖရိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် သွားတိုက်ပေးဖို့ကိုလည်း အကြံပေးချင်ပါတယ်။