နှာခေါင်းကသွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ နှာခေါင်းကသွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်းနောက်ကနေယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး၊ အစာအိမ်ထဲရောက်၊ များရင်အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။

မေးတာတွေက မိန်းကလေးတွေ။ အားလုံးကိုဆန်းစစ်ရင် ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ်စနစ်ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာရှိတာတို့ ဖြစ်တယ်။

တခါတလေလဲ ဘာ့လို့မှန်း မသိဘဲလည်း ယိုသေးတယ်။ နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ်များတယ်။ နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေလဲ ဖြစ်နိုင်သေးတယ်။ ရှားရှားပါးပါး မွေးရာပါရောဂါတခုကြောင့်လဲ ဖြစ်တယ်။

နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကျိတ်တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေဖြစ်တယ်။

ရှူရတဲ့လေဟာ ဆောင်းတွင်းကာလတွေမှာလို ရေငွေ့ဓါတ်နည်းလွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။ နှာခါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်းပစ္စည်းကိရိယာတွေကြောင့်နဲ့ နှာခါင်း ခွဲစိတ်တာလည်း ထည့်မပြောရင် ပြည့်စုံမှာမဟုတ်ဘူး။

နှာခေါင်းကမဟုတ်တဲ့ အကြောင်းခံတွေကတော့ အလာဂျီ၊ အအေးမိရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ၊ တွယ်ဆက်တစ်ရှူးရောဂါ၊ Blood dyscrasias ခေါ် သွေးရောဂါ၊ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဝက်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့ ကေ နည်းရောဂါ၊ နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိပ်ပူတဲ့အစား စားတာတွေပါဝင်တယ်။ ကိုကိန်းလို မူးယစ်ဆေးကြောင့်လဲ ယိုတတ်တယ်။

ခြောက်တယ်လို့တော့ မထင်ပါနဲ့။ အမေရိကားမှာ မှတ်တမ်းတခုအရ လူပေါင် ၂ သန်းခွဲဖြစ်တာမှာ ၄ ယောက်က သေဆုံးတဲ့အထိဆိုးတယ်။ ရှေးခေတ် ဟွန်လူမျိုးတွေရဲ့ ဧကရာဇ် အတီလာဟာ မင်္ဂလာဦးညမှာ အရက်တွေ အလွန်အကျွံသောက်တော့၊ အိပ်ရာထဲ နှာခေါင်းသွေးတွေ ယိုရာကနေ၊ အသက်ရှူလမ်းပိတ်ပြီး၊ နတ်ရွာစံခဲ့ဘူးပါတယ်။

ဘာလုပ်ရမလည်း

သွေးဆိုတာ သွေးကြောထဲကထွက်ရရင် ခဲတတ်တဲ့သဘောရှိလို့ သူထွက်လာတဲ့ သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကိုတားနိုင်တယ်။ ဒါ့ကြောင့် သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ပိတ်တဲ့ သဘောလည်းဖြစ်အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြုနည်းဖြစ်တယ်။

နှာခေါင်းဆိုရင်တော့ အပျော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach’s area, Little’s area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်းဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မဝင်အောင် ကာကွယ်ရာ ရောက်စေတယ်။

Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်နဲ့ အသက်ရှူစေပါ။ သွေးယိုတာ မြိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်းထုတ်ဘို့ မကြိုးစားရ။ နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတဝှိုက်ကို ရေခဲ တင်ပေးတာ၊ ရေခဲကိုလဲ ပါးစပ်ထဲငုံတာမျိုး လူတွေလုပ်နေကြဖြစ်ပေမဲ့ သုတေသနကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများတယ် ဆိုတာတော့ မပြောနိုင်ဘူး။

သွေးကြောတွေကို ကျုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံး နိုင်ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။ သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan, Stop Hemo နဲ့ NasalCEASE တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။

ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။ နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or liquid paraffin ဆီတခုခုထဲစိမ်၊ 10% povidone-iodine ပိုးသန့်ဆေးရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။

နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီနည်းနဲ့ သွေးမထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်တယ်။ Silver nitrate ဆေး ထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေး သုံးပြီး လုပ်ပါတယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကိရိယာထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။

နှာခေါင်းဖုံးအလွှာ ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့ ချောမွေ့စေအာင် လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထားရမယ်။

ပြန်ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေးပေးတာ အကျိုးရှိစေတာတွေ့ရတယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ဝင်လာတတ်တယ်။

သူများနိုင်ငံတွေမှာ Pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ ခပ်ပြင်းပြင်း ရှူစေတယ်။ Fresh green grass မြက်ပင်သန့်သန့်ကို အရည်လုပ်ပြီး၊ နှာခါင်းတဖက်စီထဲကို ၅-၁ဝ စက် ထည့်ခိုင်းတယ်။ ဗီတာမင် စီ ဆေးရှာမရရင် သံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။

ဆောင်းတွင်းမှာဖြစ်သူတွေနဲ့ အေးတဲ့တိုင်းပြည်ဒေသတွေမှာ ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal saline ခေါ်တဲ့ သွေးကြောထဲသွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ အစက်ချဆေးအဖြစ်လည်း ဝယ်လို့ရတယ်။ ဝယ်ရတာခက်ရင် ရေသန့်သန့်ထဲမှာ အိမ်သုံးဆား ဝ့၉% ရအောင်ဖျော်ပြီး သုံးနိုင်ပါတယ်။

ရိုးရိုးရေသန့်သန့် ၅ဝဝ စီစီထဲမှာ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ အဖုံးပိတ်အိုးထဲမှာ ရေကို ပွက်အောင်အပူပေးပါ။ အအေးခံပါ။ ပုလင်းထဲ အဖုံးနဲ့ထားသိုပါ။ ၂၄ နာရီအတွင်း သုံးလို့ရတယ်။