မိဘတွေအနေနဲ့ ကိုယ့်ကလေး ဘယ်လိုပုံမျိုး ထိုင်တယ်ဆိုတာ သတိထားမိကြမှာပါ။ W ပုံစံမျိုးက ကလေးတော်တော်များများ ထိုင်ကြတဲ့ပုံစံဖြစ်သလို အရွယ်ရောက်ပြီးသားသူတစ်ချို့လည်းထိုင်ကြပါတယ်။ ဒီလိုထိုင်တာဟာ ကျန်းမာရေးအတွက်ရော ကိုယ်ဟန်အနေအထားအတွက်ရော မကောင်းလို့ မိဘတွေအနေနဲ့ မထိုင်ခိုင်းသင့်ပါဘူး။

ကလေးတွေဘာလို့ အခုလိုထိုင်ကြလဲ

အများအားဖြင့်တော့ ကလေးတွေဟာ အရိုးပျော့ကြပါတယ်။ ဒါ့ကြောင့်လည်း အခုလိုပုံမျိုး အလွယ်တကူထိုင်တတ်ကြပါတယ်။ ပြီးတော့ သူတို့ကို သက်သောင့်သက်သာရှိစေတယ်လို့လည်း ခံစားရပါတယ်။ သူတို့ရဲ့ ကိုယ်လုံးကိုလည်း အလွယ်တကူ လှည့်လို့ရပါတယ်။

ဘာလို့မထိုင်ခိုင်းသင့်လဲ

အခုလိုပုံစံမျိုးထိုင်တာဟာ နောက်ကျောနာတာ၊ ခါးအောက်ပိုင်းနာတာမျိုး ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြီးတော့  တင်သား မလှတာ (တင်သား နေရာမမှန်တာ) နဲ့ ဒူးခေါင်းအရိုးအဆစ်တွေ ဖွံ့ဖြိုးမှုကိုနှောင့်နှေးစေပါတယ်။ ကိုယ်ဟန်အနေအထားမမှန်တာ (ဥပမာ ခါးကုန်းတာ လက်ပြင်ကုန်းတာ ခြေထောက်ခွင်တာမျိုး) ဖြစ်စေပါတယ်။ အရိုးဆိုင်ရာ ပြဿနာတွေလည်းဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါပေမယ့်လည်း အရမ်းကြီးစိုးရိမ်စရာမလိုပါဘူး။ နောက်ပိုင်းအသက်ကြီးလာရင် တဖြည်းဖြည်းပျောက်သွားပါတယ်။

ဘယ်လိုကာကွယ်မလဲ

ကလေးတွေကို ဒီလိုထိုင်တဲ့အချိန်တိုင်း သတိပေးပါ။ အကျင့်တွေကို ဖျောက်ပေးပါ။ ခုံပေါ်မှာ ထိုင်ခိုင်းပါ။ ကလေတွေကြိုက်တဲ့ အိအိညှက်ညှက် အခင်းလေးတွေ ဝယ်ပေးပြီး သက်သောင့်သက်သာရှိတဲ့ပုံမျိုး ထိုင်ခိုင်းပါ။