အဆုတ်ဆိုတာ သဘာ၀ ဇကာလိုမျိုးဖြစ်ပြီး ပြင်ပ ရှူသွင်းလိုက်တဲ့ ပိုးမွှားတွေ၊ လေထုညစ်ညမ်းမှုတွေ၊ အမှုန်အမွှားတွေကို စစ်ပေးထားတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျန်းမာ ပျော်ရွှင်တဲ့ဘဝရရှိဖို့ အဆုတ်က အရမ်းကို အရေးကြီးပါတယ်။

ချောင်းခြောက်ဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းတို့က အဆုတ်ရောဂါတွေဖြစ်လာနိုင်တဲ့ ရှေ့ပြေး လက္ခဏာတွေဖြစ်ပါတယ်။

အဆုတ်ကို ကျန်းမာစေဖို့

အိမ်သန့်ရှင်းရေးလုပ်ပါ

အဆုတ်ရောဂါတော်တော်များများက အန္တရာယ်ရှိ မှိုတွေကနေ ဖြစ်ပွားလာတတ်ပါတယ်။ ဒီကနေတစ်ဆင့် အလက်ဂျစ်၊ ပန်းနာရင်ကြပ်တို့ ဖြစ်စေနိုင်ပါတယ်။

သန့်ရှင်းတဲ့ လေတွေ ရရှိအောင် တစ်ပတ်ကိုတစ်ခါလောက်တော့ အိမ်ရှင်းလင်းပေးသင့်ပါတယ်။

လေထုညစ်ညမ်းတဲ့နေရာတွေကို ရှောင်ကြဉ်ပါ

တတ်နိုင်ရင် လေထုညစ်ညမ်းမှုများတဲ့ နေရာတွေကို မသွားဘဲ ရှောင်ကြဉ်ပါ။ အကယ်၍ သင်က လေထုညစ်ညမ်းတဲ့နေရာတွေကိုသွားရမယ်၊ နေထိုင်နေရတယ်ဆိုရင် Mask တပ်ဆင်ပါ။ လေထုညစ်ညမ်းမှုအတိုင်းအတာအပေါ်မူတည်ပြီး တပ်ဆင်ရမယ့် Mask တွေကလည်းတစ်ခုနဲ့တစ်ခု မတူညီပါဘူး။

ချောင်းဆိုးတာကို မအောင့်ထားပါနဲ့

ချောင်းဆိုးတယ်ဆိုတာဟာ အဆုတ်ထဲမှာရှိတဲ့ အကျိအချွဲတွေ ထွက်သွားအောင် ပြုလုပ်တဲ့ သဘာဝနည်းလမ်းပါ။ သင်အအေးမိလို့ဘဲဖြစ်ဖြစ် ရောဂါပိုးမွှားဝင်လို့ဘဲဖြစ်ဖြစ် ခန္ဓာကိုယ်အတွင်းက မကောင်းတာတွေကို ချောင်းဆိုးပြီး ပြန်ထုတ်တာဖြစ်ပါတယ်။

ဒါ့ကြောင့် ချောင်းဆိုးချင်ရင် မအောင့်ထားပါနဲ့။

အာဟာရမျှတအောင်စားပါ

ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေက အဆုတ်ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

ကြာရှည်ခံအစားအစာတွေ၊ ဓာတုဆေးဝါးပါတဲ့အစားအစာတွေနဲ့ အသင့်စားအစားအစာတွေက အဆုတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

နေ့စဉ်လိုအပ်တဲ့ ရေပမာဏကိုလည်း သောက်ဖို့ မမေ့ပါနဲ့။ ရေက အဆုတ်ကို ရေဓာတ်ပြည့်ဝစေပြီး အကျိအချွဲတွေကိုလည်း ဖယ်ရှားပေးပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းက သွေးစီးဆင်းမှုကို ကောင်းစေပြီး၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အဆုတ်ထဲကို ဝင်ရောက်မှုနှုန်း မြန်ဆန်စေပါတယ်။