အသားအရေက ခန္ဓာကိုယ်ရဲ့ပုံမှန်အလုပ်လုပ်မှုအတွက် အထောက်အကူဖြစ်စေပြီး ကာကွယ်ပေးနိုင်ပါတယ်။ အရေခွံတွေဟာ သူ့အချိန်ရောက်ရင် အစဉ်အသစ်လဲနေကြဖြစ်ပေမယ့်လည်း ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ကတော့ အခြားလူများထက် ပိုပြီး အရေခွံကွာတတ်ပါတယ်။

ထိုမှတဆင့် ရောဂါပိုးတွေ ဝင်ရောက်လာနိုင်တဲ့အတွက် အရေခွံကွာတာကို သက်သာစေနိုင်မယ့် အစွမ်းထက်နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ရှားစောင်းလက်ပတ်

ယားယံကျိန်းစပ်နီရဲခြင်းကို သက်သာစေနိုင်တဲ့ ရှားစောင်းလက်ပတ်ကို အရေခွံကွာတာအတွက် အသုံးပြုနိုင်ပါတယ်။

လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်အနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ဗီတာမင်အီးအဆီအနည်းငယ်ရောစပ်ပြီး မွှေပေးပါ။ ပြီးလျှင် အရေခွံကွာနေတဲ့ နေရာပေါ်မှာလိမ်းပေးပြီး မိနစ်အနည်းငယ်ကြာ အခြောက်ခံပေးပြီးတဲ့အခါ ရေနွေးနွေးလေးနဲ့ သန့်စင်ပေးပါ။ တနေ့လျှင် နှစ်ကြိမ်မှသုံးကြိမ်လုပ်ပေးနိုင်ပါတယ်။

သံလွင်ဆီ

Antioxidant, Antimicrobial နှင့် Anti-inflammatory တို့ပါဝင်တဲ့ သံလွင်ဆီနွေးနွေးလေးကို ညဖက်အိပ်ရာမဝင်ခင် အရေခွံကွာနေတဲ့ နေရာပေါ်မှာ သေချာသုတ်လိမ်းပေးပါ။ အသားအရေထဲစိမ့်ဝင်သွားအောင် မိနစ်အနည်းငယ်ကြာ ညှင်သာစွာနှိပ်နယ်ပေးပြီး တစ်ညကြာသည့်အခါမှာ မနက်ရေဆေးသန့်စင်ပေးပါ။

အရှင်းပျောက်ကင်းသွားသည်အထိ နေ့စဉ်မှန်မှန်လုပ်ဆောင်ပေးပါ။

သံပုယိုသီးနဲ့သကြား

ပျားရည်နှင့်သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ၊ သံပုယိုရည်အတန်ငယ်ထဲကို သကြားခွက်တစ်ဝက်ခန့်နဲ့ရောစပ်ပြီး အသားအရေပေါ်သုတ်လိမ်းပေးပါ။ အဝိုင်းအတိုင်း မိနစ်အနည်းငယ်ကြာ ညှင်သာစွာ လိမ်းပေးပြီးရင် ရေအေးနဲ့ဆေးကြောပစ်ပါ။

တပတ်လျှင် တကြိမ် သို့မဟုတ် နှစ်ကြိမ်လုပ်ပေးဖို့ လိုအပ်ပါတယ်။

နို့

ယားယံတာတွေ၊ ကျိန်းစပ်တာတွေ သက်သာစေပြီး အသားအရေကို စိုပြေစေတဲ့ နို့လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သေချာရောမွှေပြီး အသားအရေပေါ်ဖြည်းဖြည်းချင်း သုတ်လိမ်းပေးပါ။

၁၅ မိနစ်ကြာသည့်အခါ ရေနွေးနွေးလေးနဲ့ ဆေးကြောပစ်ပြီး လုံးဝသက်သာသွားသည်အထိ တပတ်လျှင် တစ်ကြိမ်မှန်မှန်လုပ်ဆောင်ပေးပါ။

ဒိန်ချဉ်

ငှက်ပျောသီးမှည့် တစ်ဝက်ခန့်ကို ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောစပ်မွှေပေးပြီး အရေခွံကွာတဲ့နေရာမှာ လိမ်းပေးပါ။ နာရီဝက်ကြာပြီးနောက် ရေနွေးနွေးလေးနဲ့ သန့်စင်ပစ်ပြီး တနေ့နှစ်ကြိမ် နေ့စဉ်မှန်မှန်ပြုလုပ်ပေးပါ။