ကိုယ့် ခံတွင်းက နံနေမယ်၊ အနံ့ဆိုးတွေ ရှိနေမယ်ဆိုရင် သင့်ဘေးနားမှာ ဘယ်သူမှ ကပ်တော့မှာမဟုတ်ပါဘူး။ ဒါက ပြဿနာသေးသေးလေးလို့ ထင်ပေမယ့် နောက်ပိုင်းမှာ လုပ်ငန်းခွင်ပြဿနာတွေ၊ လူမှုရေး ပြဿနာတွေပါ မျိုးစုံ တက်လာပါလိမ့်မယ်။

ခံတွင်း အနံ့ဆိုးဖြစ်တာက ကျန်းမာရေးကြောင့်၊ ကိုယ့် အလေ့အကျင့်နဲ့ ကိုယ်စားသောက်တဲ့ အစားအသောက်တွေ ပေါ်မှာမူတည်ပါတယ်။

ခံတွင်းအနံ့ဆိုးတွေဖြစ်နေပြီဆိုရင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ပြန်ပြီး အာရုံစိုက်ဖို့လိုပါတယ်။ ဥပမာ ကိုယ့်သွားကို တစ်နေ့ ၂ ကြိမ် မှန်မှန် တိုက်တာမျိုးပါ။

တခါတလေ ကိုယ့်ခံတွင်းက ခြောက်ကပ်နေပြီး ကိုယ့် ပါးစပ်ထဲမှာ ဆဲလ်အသေတွေ ရှိနေတာကြောင့် အနံ့ဆိုးတွေဖြစ်တတ်ပါတယ်။ ဆေးရွက်ကြီးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေသုံးစွဲတာ၊ ဂက်စ်ပါတဲ့ အအေးတွေ သောက်တာများတာ၊ ကော်ဖီနဲ့ အရက်သေစာ သောက်သုံးတာများရင်လည်း ဖြစ်တတ်ပါတယ်။

အစာကို ကြေညက်အောင်ဝါးပါ

ကိုယ့် အစားအစားတဲ့ ပုံစံနဲ့လည်း ပတ်သက်ပါတယ်။ အစာကို ကြေညက်အောင် မဝါးတာကြောင့် ခန္ဓာကိုယ်ထဲမှာ အစာကို ကြေအောင် ချေဖို့ ခက်ခဲလာကာ ဝမ်းချုပ်ပြီး အနံ့ဆိုးတွေဖြစ်တတ်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ စားသုံးတာနည်းလာရင်လည်း ဝမ်းချုပ်ပြီး အနံ့ဆိုးတွေ ဖြစ်ပါတယ်။

ဒီလို ဖြစ်နေပြီဆိုရင်တော့ အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေ စားရပါမယ်။ အစားအစာတွေကို ကြေညက်အောင် ဝါးစားပြီး အနံ့ဆိုးတွေ ဖယ်ရှားနိုင်ပါတယ်။

အနံ့ဆိုးတွေအတွက် သဘာ၀ ခံတွင်းကျင်းတဲ့ ဆေး

အနံ့ဆိုးတွေ ပျောက်အောင်လို့ ခံတွင်းကျင်းတဲ့ဆေးတွေလည်း အများကြီး ရှိလာနေပါပြီ။ ဒါပေမယ့် သူတို့က အနံ့ဆိုးပျောက်အောင် ၁ နာရီလောက်ဘဲ စွမ်းဆောင်နိုင်ချေရှိကြပါတယ်။ ဒီထက်ပိုဆိုးတာက အဲ့ဒီ ခံတွင်းကျင်းတဲ့ဆေးတွေ ဓာတုပစ္စည်းတွေနဲ့လုပ်ထားသလို အယ်ကိုဟောလ် (Alcohol) တွေလည်း ပါဝင်နေပါတယ်။ အဲ့ဒီ အယ်ကိုဟောလ် (Alcohol) ဓာတ်တွေက အနံ့ဆိုးကို ပိုဖြစ်စေပြီး ခံတွင်းကျင်တဲ့ဆေးတွေထဲမှာ 25% လောက် အယ်ကိုဟောလ် (Alcohol) ဓာတ်တွေ ပါနေရင် ခံတွင်းကင်ဆာဖြစ်ပွားနိုင်ပါတယ်။

ပန်းသီး ရှာလကာရည် နဲ့ရေ

ပန်းသီး ရှာလကာရည် စားပွဲတင်ဇွန်း၁ ဇွန်းကို ရေ တစ်ခွက်နဲ့ ရောပြီး အစားမစားခင်သောက်ပေးပါ။ ဒါဆိုရင် အစာခြေစနစ်ကိုလည်း အားကောင်းစေပြီး အနံ့ဆိုးတွေကိုလည်း ပျောက်ကင်းစေမှာပါ။

ဆားရည်နဲ့ ကျင်းပေးပါ

ဆား အနည်းငယ် (ဖြစ်နိုင်ရင် Himalayan Crystal Salt ကိုသုံးပေးပါ) ကို ရေနဲ့ ရောစပ်ပြီး ပါးစပ်ထဲမှာ ကျင်းပေးရင်လည်း အနံ့ဆိုးတွေ ပျောက်ကင်းစေပါတယ်။

ခံတွင်းအနံ့ဆိုးက တခြား ရောဂါတွေနဲ့လည်း ဆက်စပ်မှုရှိတာကြောင့် ခံတွင်းမှာ အနံ့ဆိုးတွေဖြစ်လာတာ အချိန်ကြာမြင့်နေပြီး အထက်ပါ နည်းလမ်းတွေနဲ့လည်း သက်သာ ပျောက်ကင်းမှုမရှိရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်ထံ ပြသပါ။