ကြမ်းပိုးလေးတွေက သေးငယ်ပြီး၊ အညိုရောင် ရှိတဲ့ အင်းဆက်အမျိုးအစားဖြစ်ပြီး လူတွေ နဲ့ တိရစ္ဆာန်တွေရဲ့သွေးကို စုပ်ပြီး အသက်ရှင်ကြတာဖြစ်ပါတယ်။

သွေးစုပ်တာများလာရင် ခန္ဓာကိုယ်လည်းကြီးလာပြီး အနီရောင်ပိုသန်းလာပါတယ်။ အကိုက်ခံရတဲ့ နေရာတွေက လည်ပင်း၊ လက်၊ မျက်နှာနဲ့ လက်မောင်းတွေများပါတယ်။ ဒါကြောင့် ကြမ်းပိုးကိုက်တဲ့ ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် သဘာဝဆေးနည်းလေးကို ဝေမျှချင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက အင်းဆက်တွေအကိုက်ခံရလို့ ယောင်ယမ်းတာတွေ ယားနာတာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ကြမ်းပိုးအကိုက်ခံလိုက်ရလို့ အရေပြားထဲဝင်သွားတဲ့ အဆိပ် ပြင်းအားလျော့ပြီး သက်သာအောင် လုပ်ဆောင်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ဇွန်းကို ရေလက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ ဖျော်လိုက်ပါ။ အဲ့ဒီအရည်ကို အကိုက်ခံထားရတဲ့နေရာမှာ လိမ်းထားပြီး ၁၀မိနစ်ကနေ မိနစ် ၂၀ လောက် အခြောက်ခံထားပါ။ပြီးရင် ရေဆေးချလိုက်ပါ။

ရေခဲ

ရေခဲက ကြမ်းပိုးကိုက်လို့ယားပြီး ယောင်နေတာတွေအတွက် အကောင်းဆုံးပါပဲ။ သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါ၊ အဝတ်သန့်သန့်တစ်ခုထဲကို ရေခဲ ၃တုံး၊၄တုံးလောက်ထည့်ပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြာလောက် အကိုက်ခံရတဲ့နေရာကို ကပ်ပေးပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပက်က အကိုက်ခံရတဲ့နေရာကို သက်သာ ပျောက်ကင်းစေပြီး ယားနာခြင်းကိုလည်း သက်သာစေပါတယ်။ အထူးသဖြင့် အကိုက်ခံလိုက်ရလို့ အသားအရေမှာ အနီရောင်တွေ ယောင်ယမ်းတာတွေကို သက်သာစေမှာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်အရွက်ထဲက အနှစ်အနည်းငယ်ကိုထုတ်ပြီး ကိုက်ခံရတဲ့နေရာမှာ လိမ်းပေးပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။ တစ်နေ့ကို ၃၊၄ ခါလောက် လိမ်းပေးပါ။

သွားတိုက်ဆေး

အိမ်တိုင်းမှာတော့ သွားတိုက်ဆေးရှိတာကြောင့် သွားတိုက်ဆေးကိုလည်း ကြမ်းပိုးကိုက်တဲ့နေရာမှာ လိမ်းပေးထားလို့ရပါတယ်။ ကိုက်ခံရတဲ့နေရာကို သွားတိုက်ဆေး ၁၀ မိနစ်လောက်လိမ်းပေးပြီး ရေဆေးချလိုက်ပါ။

ပန်းသီး ရှာလကာရည်

ပန်းသီးရှာလကာရည်က ရောင်ရမ်းတာတွေလျော့စေပြီး ပွန်းပဲ့တာတွေ ယားတာတွေကိုလည်း သက်သာစေပါတယ်။ ပန်းသီးရှာလကာရည်ကို အကိုက်ခံရတဲ့နေရာကို လိမ်းပေးလိုက်ပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။