အသားယားယံတယ်ဆိုတာ အချိန်နေရာမရွေးဖြစ်ပေါ်လာနိုင်သလို ဘယ်လောက်ပဲအလုပ်များ၊ မအားဖြစ်နေပါစေ မကုတ်ဘဲနဲ့ကို မနေနိုင်တာသဘာဝပါ။ တခါတရံ အင်မတန်ယားယံလွန်းလို့ ပြင်းပြင်းထန်ထန်ကုတ်လိုက်တဲ့အခါမှာ အသားတွေပွန်းပဲ့ကုန်ပြီး သွေးတောင် ထွက်လာနိုင်ပါတယ်။

အသားအရေခြောက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်၊ စတဲ့အခြေအနေများတွင် အသားအရေယားယံမှုဖြစ်ပေါ်တတ်ကာ သူ့ရဲ့လက္ခဏာတွေ ကတော့ နီရဲခြင်း၊ ဖောင်းပွခြင်း၊ အသားကွဲအက်ခြင်းတို့ပဲဖြစ်ပါတယ်။

ထိုအခါများအတွက် လုပ်ဆောင်ရမယ့်နည်းလမ်းမျိုးစုံရှိပေမယ့်လည်း ယခုတခါတင်ဆက်ပေးချင်တာကတော့ အိမ်တွင်းနည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

နည်းလမ်း (၁) – ရှားစောင်းလက်ပတ်

Antibacterial နှင့် Anti-inflammatory ဓာတ်သတ္တိတို့ကြောင့် အသားယားယံမှုအတွက်သာမက နေလောင်ဒဏ်၊ အပူလောင်ဒဏ်ရာများ၊ နီရဲခြင်းတို့များတွင်လည်း အသုံးပြုနိုင်ပါတယ်။

ရှားစောင်းလက်ပတ်အနှစ်အနည်းငယ်ကို ကော်ထုတ်ပြီး ယားယံနေသည့်အသားပေါ်တွင်လိမ်းပေးပြီး ၅ မိနစ်မှ ၁၀ မိနစ်အထိထားပေးပါ။ ပြီးလျှင်တော့ရေအေးနှင့်ဆေးချပစ်ကာ ပေါ့ပေါ့ပါးပါးရှိတဲ့ moisturizer ကိုလိမ်းပေးနိုင်ပါတယ်။

နည်းလမ်း (၂) – အုတ်ဂျုံမှုန့်

နီရဲပြီး ယားယံသည့်အသားအရေအတွက် အုတ်ဂျုံမှုန့်ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

၁။ အုတ်ဂျုံမှုန့်ကို ရေနှင့်သေချာရောစပ်ပြီး ၁ မိနစ်မှ ၂ မိနစ်အထိထားပေးပါ။

၂။ ရရှိလာတဲ့အနှစ်ကို ယားယံနေသည့်အသားပေါ်သို့ သုတ်လိမ်းပေးပြီး မိနစ်နှစ်ဆယ်ကြာပြီးနောက် ရေအေးအေးနှင့် ဆေးကြော သန့်စင်ပေးနိုင် ပါတယ်။ တနေ့လျှင် နှစ်ကြိမ်မှသုံးကြိမ်အထိလုပ်ဆောင်ပေးပါ။

နည်းလမ်း (၃) – မုန့်ဖုတ်ဆိုဒါ

ဈေးကြီးပေးဝယ်စရာမလိုဘဲ အလွယ်တကူတွေ့နိုင်တဲ့ မုန့်ဖုတ်ဆိုဒါကလည်း အသားအရေနဲ့ဆံပင်အတွက် အမျိုးမျိုးအသုံးဝင်ပါတယ်။

မုန့်ဖုတ်ဆိုဒါအမှုန့် လက်ဖက်ရည်ဇွန်းသုံးဇွန်းကို ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်နှင့် ရောစပ်မွှေပေးပြီး ပျစ်လာပြီဆိုသည်နှင့် ယားယံသည့် အသားအပေါ်တွင်သုတ်လိမ်းပေးပါ။ ခြောက်သွားသည်အထိထားပေးကာ ရေနှင့်သန့်စင်ပြီးလျှင် ခြောက်အောင်သုတ်ပေးပါ။ လေးရက်မှငါးရက်အထိ တနေ့တစ်ကြိမ်မှန်မှန်လုပ်ပေးပါ။

နည်းလမ်း (၄) – ပန်းသီးရှာလကာရည်

အကယ်၍ဘတ်တီးရီးယားပိုးကူးစက်တာကြောင့် အသားအရေယားယံရတယ်ဆိုရင်တော့ ပန်းသီးရှာလကာရည်က ကူညီပေးနိုင်ပါတယ်။ သို့သော်လည်း အထိမခံတတ်သည့်အသားအရေအတွက်တော့ လိမ်းဖို့မသင့်တော်ပါဘူး။

စစ်မထုတ်ရသေးသည့် ပန်းသီးရှာလကာရည်ကို ဂွမ်းလုံးပေါ်သို့စွတ်လိုက်ပြီး ယားနေသည့်အသားအပေါ်သုတ်ပေးပါ။ ဂွမ်းဖတ်ကိုဖယ်လိုက်ပြီး နာရီဝက်မှတစ်နာရီကြာသည်အထိ ရှာလကာရည်ရှိနေစေပြီး ကြက်သီးနွေးထရုံရေနှင့် ဆေးကြောသန့်စင်ပြီး ခြောက်သွားပြီဆိုပါက ပေါ့ပေါ့ပါးပါး moisturizer ကိုလိမ်းပေးပါ။ တနေ့နှစ်ကြိမ်လုပ်ပေးရပါမယ်။

နည်းလမ်း (၅) – ရေခဲရေ သို့မဟုတ် အအေးကပ်ခြင်း

ရေခဲရဲ့ထုံစေနိုင်သည့်သတ္တိကြောင့် အသားယားယံတာတွင် အသုံးပြုနိုင်သော်လည်း တာရှည်ခံမှုမှာတော့ နည်းပါးပါတယ်။

လက်တစ်ဆုပ်ခန့်ရှိတဲ့ ရေခဲတုံးများကို ပန်းကန်လုံးကြီးထဲသို့ထည့်ပြီး ရေအေးပေါင်းထည့်ပေးပါ။ ယားယံနေသည့်လက်ကို ရေအေးထဲနှစ်လိုက်ကာ လက်များထုံလာပြီဆိုလျှင် တစ်မိနစ်ခန့်ခဏအနားယူပြီး နောက်ထပ်ပြုလုပ်ပါ။ ၁၅ မိနစ်မှ မိနစ် ၂၀ အထိ လုပ်ပေးရန်လိုအပ်ပါတယ်။