မိန်းကလေးတိုင်း အရွယ်ရောက်ကတည်းကနေ သွေးဆုံးတဲ့အချိန်အတွင်းမှာ ရာသီလာတာ လစဉ်ဖြစ်ရတယ်။ လတိုင်း (အမှန်ကနေ့တိုင်း) ဟော်မုန်းတွေကပြောင်းလဲလာနေတယ်။ အတိအကျပြောရရင် ဒီဟော်မုန်းတွေဟာ ကိုယ်ဝန်ရစေဘို့ ပြင်ဆင်မှုရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ လအစကနေ တရက်ချင်း သားအိမ် အတွင်းဆုံး အလွှာက ပါးရာနေထူလာတယ်။ လလည်ရက်လောက်မှာ မျိုးဥိအိမ်ကနေ မျိုးဥထွက်လာမယ်။

မျိုးဥဟာ ကျားသုက်ပိုးနဲ့ မတွေ့ရရင် ပျက်စီးသွားမယ်။ လကုန်ရက်မှာ ထူလာခဲ့တဲ့ သားအိမ်အတွင်းဆုံးလွှာက ပျက်စီးပြီး သွေးအနေနဲ့ဆင်းလာတာကို ရာသီလာတယ်လို့ခေါ်တာဖြစ်တယ်။ အဲတာထဲမှာ သွေးအပြင်၊ အချွဲနဲ့ အသားစေလေးတွေပါပါနေတယ်။

Menstrua Pain

အပျိုဖြစ်တဲ့အသက်ဟာ ၉ နှစ်ကနေ ၁၆ နှစ်အတွင်းမှာဖြစ်တယ်။ သွေးဆုံးချိန်ဟာ ၄၅ နှစ်ကနေ ၅ဝ မှာ ဖြစ်တယ်။

ရာသီလာရက်ဟာ ၂ ရက်ကနေ ၇ ရက်အထိကြာနိုင်တယ်။ နည်းနည်း၊ အသင့်အတင့်နဲ့ များများ ဆင်းနိုင်တယ်။ တလမှာ စုစုပေါင်း သွေးထုထည် ဇွန်းလေး ၁ ဇွန်းကနေ ၄ ဇွန်း (၂ဝ-၆ဝ မီလီလီတာ) ရှိတယ်။

ရာသီလာတော့မယ်ဆိုရင် ခံစားရမှာတွေရှိတယ်။ ဘယ်ဟာဖြစ်ဖြစ် တယောက်နဲ့တယောက်မတူပါ။ တယောက်တည်းမှာလဲ တလနဲ့တလ မတူတတ်ပါ။ စိုးရိမ်စရာမဟုတ်ပါ။

ရာသီနဲ့ဆက်ပြီးခံစားရတာတွေကို (PMS) လို့ခေါ်တယ်။ စာတပုဒ်သပ်သပ် ရေးထားပါတယ်။ ဆီးစပ် (ဝမ်းဗိုက်အောက်ပိုင်း) နဲ့ ခါးနာတယ်။ အသင့်အတင့်ကနေ ဆိုးတိုးဝါးဝါးနာနိုင်တယ်။ စိတ်လှုပ်ရှားမှု နဲ့ စိတ်ပြောင်းလဲမှု ရှိတတ်တယ်။ ခေါင်းကိုက်၊ ခေါင်းမူး၊ ရင်ပြည့်တာနဲ့ အန်ချင်တာတွေဖြစ်နိုင်တယ်။ ပင်ပန်းအားနည်းတာ၊ ရင်သား တင်းတာ၊ နာတာလဲ ရှိနိုင်တယ်။ အိပ်ရေးပျက်တတ်သေးတယ်။ စိတ်မူပြောင်းတာလဲ ရှိတတ်တယ်။ ဥပမာ ဝမ်းနည်းတာ၊ စိုးရိမ်တာ။

ရာသီ ဘာလို့မမှန်ဖြစ်ရသလဲ

အရင်ဆုံး (အိမ်ထောင် ရှိရှိ-မရှိရှိ) ကိုယ်ဝန်ကိုစဉ်းစာရမယ်။ ကလေးနို့တိုက်တာလဲပါတယ်။

မျိုးဥထွက်တာ မူမမှန်ရင်လဲဖြစ်တယ်။ ဆီးချိုကိုမထိန်းနိုင်ချိန်မှာဖြစ်မယ်။ (ကွတ်ရှင်း ဆင်ဒရုမ်း) ရောဂါ၊ လည်ပင်းကြီးရောဂါတွေရှိရင်လဲမမှန်ဖြစ်မယ်။ သတိထားဘို့တခုက (PCOS) မျိုးဥအိမ်ထဲမှာ အကျိတ်လေးတွေရှိတာ။ စာတပုဒ်ရေးထားပါတယ်။

အစာမစားချင်တာနဲ့ မစားဘဲနေတာ (ဥပမာ မော်ဒယ်တွေ)၊ ကိုယ်အလေးချိန်များလွန်းတာ၊ ကိုယ်လက်လေ့ကျင့်ခန်းများလွန်းတာ (ဥပမာ အားကစားသမားတွေ)၊ မျိုးပွါးလမ်းကြောင်းခွဲစိတ်ထားတာ၊ စိတ်ဖိအား များတာတွေကနေလဲ ရာသီမလာဘဲ၊ မမှန်ဘဲဖြစ်တတ်တယ်။

ရာသီလာနေချိန်မှာ ဘာတွေသတိထားသင့်သလဲ

ရာသီလာစဉ်သုံးတဲ့ပစ္စည်းတွေ သန့်ရှင်းပါစေ။ ၃-၄ နာရီမှာတခါ အသစ်လဲပေးပါ။

လက်ကို ခါတိုင်းထက်ပိုဆေးပါ။ နားနိုင်သမျှနားနေပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ကို လုံလောက်မျှတအောင်သားသောက်ပါ။ ခံစားနေရတာတွေရှိရင် ဆရာဝန်ညွှန်တဲ့ဆေးသောက်ပါ။ အကြံပြုချက်တွေကို လိုက်နာပါ။

ဗိုက်နာတာသိပ်ဆိုးရင်၊ ကိုယ်ပူရင်၊ ဝမ်းပျက်ရင်၊ အန်ရင်၊ ခေါင်းထဲမျာပေါ့နေပြီးစိတ်ရှုတ်တွေးရင်၊ အရေပြားမှာအနီကွက်တွေထွက်လာရင် ဆရာဝန်ပြပါ။