အသည်းက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။ အသည်းက အစာခြေ စနစ်၊ ဇီဝကမ္မဖြစ်စဉ်တွေ၊ ခန္ဓာကိုယ် ရောဂါ တိုက်ဖျက်နိုင်စွမ်း စတဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။

အဲ့ဒီအပြင် ဆေးလိပ်နဲ့ အရက်တို့က အသည်းအပါအဝင် ခန္ဓာကိုယ်ရှိ အရေးကြီး အင်္ဂါများကို ပျက်စီးစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ မရှောင်နိုင်ရင်တောင် အသည်းမှာ ဖြစ်နေတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်တဲ့ အစားအသောက်တွေကို စားသုံးပေးသင့်ပါတယ်…

ပန်းကော်ဖီစိမ်း (Broccoli)

အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို သဘာဝအတိုင်း ဖယ်ရှားနိုင်ဖို့ ဟင်းချက်တဲ့အခါမှာ ပန်းကော်ဖီ စိမ်းကို ရံဖန် ရံခါ ချက်ပြုတ်သင့်ပါတယ်။ ပန်းကော်ဖီစိမ်းမှာ Glucosinolates ဓာတ်တွေ ပါဝင်တာကြောင့် အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်အပြင်ဘက်ရောက်ရှိအောင် လုပ်ဆောင် ပေးပါတယ်။

တစ်ပတ်မှာ ပန်းကော်ဖီစိမ်း တစ်ခုကို ၃ ခါလောက် စားပေးသင့်ပါတယ်။

သစ်ချသီး (Walnuts)

သစ်ချသီးမှာ သဘာဝအတိုင်း အသည်းကို သန့်စင်ပေးတဲ့ Glutathione နဲ့ Omega-3 တို့ ပါဝင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စိုက်ပျိုးရေးနဲ့ အစားအစာ ဓာတုဗေဒ သုတေသနစာတမ်းမှာ သစ်ချသီးမှာပါဝင်တဲ့ Polyphenols ဓာတ်က အသည်းကို ပျက်စီးစေတဲ့ Carbon Tetrachloride နဲ့ D-Galactosamine ဓာတ်တို့ကို လျော့ချပေးပါတယ်။

တစ်နေ့ကို သစ်ချသီး လက်စုပ်စာခန့်ကို သားရေစာ အဖြစ် နေ့စဉ် စားသုံးသင့်ပါတယ်။ သစ်ချသီးကို မုန့်အဖြစ်လုပ်စားတာမျိုး၊ အသုတ်ထဲထည့်တာမျိုး၊ ဖုတ်စားတာမျိုးနဲ့ ဟင်းချက်စားတာမျိုးတို့ လုပ်စားနိုင်ပါတယ်။

ပန်းသီး (Apples)

ကျန်းမာရေး ကောင်းမွန်တဲ့အသည်း ရရှိဖို့အတွက် ပန်းသီး တစ်နေ့ကို တစ်လုံး စားပေးသင့်ပါတယ်။ ပန်းသီးမှာ အစာခြေလမ်းကြောင်းမှာ ရှိတဲ့ အဆိပ်အတောက်တွေနဲ့ သွေးထဲမှာ ရှိတဲ့ ကော်လက်စထရောကို လျော့ချ ဖယ်ရှားပေးနိုင်တဲ့ Pectin ဓာတ်တွေ ပါဝင်ပါတယ်။ ဒီလို ဓာတ်တွေ လျော့ချနိုင်ပါက အသည်းရဲ့ လုပ်ငန်းဆောင်တာများကို ချောမွေ့မြန်ဆန်စေပါတယ်။

ဒါ့အပြင် ပန်းသီးမှာ Malic အက်စစ် ပါဝင်ပြီး အသည်းမှာ ရှိတဲ့ အဆိပ်အတောက်တွေဖြစ်တဲ့ Carcinogens နဲ့ တခြား အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

နေ့စဉ် ပန်းသီးတစ်လုံး ဒါမှမဟုတ် ပန်းသီးဖျော်ရည် တစ်ခွက်ကို သောက်သုံးသင့်ပါတယ်။