အမျိုးသမီးအများစုအတွက် ကိုယ်ဝန်ဆောင်နေစဉ်အချိန်သည် ဘာမျှလုပ်စရာမလိုဘဲ သက်သောင့်သက်သာအနားယူနိုင်မည့် အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ သို့သော်လည်း မနက်ပိုင်းမအီမသာဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အပိုအလေးချိန်ကို လွယ်ထားရသည့်အတွက် ခါးနာကိုက်ခဲမှုများ ဖြစ်ပေါ်နိုင်သည့်အတွက်ကြောင့်လည်း နေအိမ်တွင်အေးအေးဆေးဆေး အနားယူရန် လိုအပ်ပါတယ်။ သို့ရာတွင် လုံးလုံးမျှလှုပ်ရှားမှုမရှိခြင်း သို့မဟုတ် လေ့ကျင့်ခန်းလုံးဝမလုပ်ဆောင်ခြင်းသည် သင့်ကျန်းမာရေးကိုသာမက မမွေးဖွားရသေးသည့် ကလေးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများသည် တခါလျှင်အနည်းဆုံး မိနစ် ၂၀ မှ ၃၀ ခန့်အထိ နေ့စဉ်မှန်မှန်လေ့ကျင့်ခန်းလုပ်ဆောင်ပေးသင့်ပြီး ထိုသို့မပျက်မကွက်လုပ်ဆောင်ပေးခြင်းက မိမိနှင့်ကလေးအား မည်ကဲ့သို့အထောက်အပံ့များ ပေးနိုင်သလဲဆိုတာကို သိစေရန် အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကိုယ်အလေးချိန်အလွန်အကဲတက်လာခြင်းမှ ကာကွယ်နိုင်ခြင်း

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကိုယ်အလေးချိန်တက်လာခြင်းသည် မရှောင်လွဲနိုင်သော်လည်း အလွန်အကဲတက်လာခြင်းသည် ပဋိသန္ဓေဆီးချိုဖြစ်ပေါ်နိုင်မှု၊ သွေးပေါင်တက်မှု နှင့် C-section လိုအပ်မှုတို့ကို ဖြစ်ပေါ်လာစေ၍ မိမိနှင့်ကလေး၏ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

၂။ ဝမ်းချုပ်မှုကို သက်သာစေခြင်း

သံဓာတ်အားတိုးဆေးများကို သောက်သုံးခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များကို ဝမ်းချုပ်၊ ဓာတ်ချုပ်ဖြစ်စေနိုင်သည့်အတွက် မိနစ် ၃၀ ခန့်လမ်းလျှောက်ပေးခြင်းက ကိုယ်ခန္ဓာအတွင်းရှိ အူမကြီးလှုပ်ရှားမှုများကို မှန်မှန်အလုပ်လုပ်စေပြီး အစာချေစနစ်ကို အထောက်အကူပြုပေးနိုင်ပါတယ်။

၃။ သွေးပေါင်ချိန်ကျဆင်းစေခြင်း

လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းသည် သွေးပေါင်ချိန်မြင့်တက်မှုကဲ့သို့သော သားဖွားမှုဆိုင်ရာ ပြဿနာရှုပ်ထွေးမှုများ ဖြစ်ပေါ်ခြင်းကို လျော့ချပေးနိုင်ပါတယ်။

၄။ ကိုယ်ဝန်ဆီးချိုဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း

ကိုယ်ဝန်ချိန်နုသေးသည့် အချိန်မှစ၍ လေ့ကျင့်ခန်းမပြတ်လုပ်ဆောင်ပေးခြင်းသည် ကိုယ်ခန္ဓာအချိုးအစားပြည့်ဝသော အမျိုးသမီးများတွင် အဖြစ်များတတ်သည့် ကိုယ်ဝန်ဆီးချိုဖြစ်ပွားခြင်းမှ တားဆီးရန်ကူညီပေးနိုင်ပါတယ်။

၅။ စိတ်အခြေအနေကို တိုးမြှင့်ပေးခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်သည်များအား ဆေးသောက်သုံးခြင်းကဲ့သို့ ညီတူညီမျှအကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းဓာတ်ထုတ်လွှတ်မှုကို ကူညီထောက်ပံ့ပေးသည့်အတွက် စိတ်ဖိစီးမှုများနှင့် စိုးရိမ်ကြောင့်ကြမှုများကို လျော့ကျ၍စိတ်ခံစားမှုကို တိုးတက်စေမှာဖြစ်ပါတယ်။

၆။ နောက်ကျောနှင့်တင်ပါးဆုံအရိုးများနာကျင်မှုကို ပြေပျောက်စေခြင်း

ကိုယ်အလေးချိန်တက်လာခြင်း၊ ကိုယ်နေဟန်ထားပြောင်းလဲခြင်း၊ ကြွက်သားများတင်းမာမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် နောက်ကျောနှင့်တင်ပါးဆုံအရိုးများ နာကျင်မှုကို သက်သာစေရန်အတွက် လေ့ကျင့်ခန်းလုပ်ခြင်းသည် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

၇။ ပင်ပန်းနွမ်းနယ်မှုကို တိုက်ထုတ်ပေးခြင်း

ကိုယ်ဝန်ဆောင်နေချိန်အတွင်း လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းသည် တက်ကြွလန်းဆန်းစေရုံသာမက ပင်ပန်းနွမ်းလျမှုကိုပါ တိုက်ထုတ်ပေးနိုင်ပါတယ်။

၈။ အကြောပြတ်မှုမှတားဆီးပေးခြင်း

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးလည်ပတ်အားကိုကောင်းစေ၍ ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ ထို့အပြင် ကိုယ်အလေးချိန်တက်မလာအောင်လည်း လုပ်ဆောင်နိုင်သောကြောင့် ဆိုးဆိုးဝါးဝါးအကြောပြတ်ခြင်းမှ တားဆီးနိုင်မှာဖြစ်ပါတယ်။