သွေးရယ်လို့ဆိုလိုက်တာနဲ့ အမျိုးအစားလေးမျိုးရှိတယ်ဆိုတာကို အားလုံးသိပြီးသားပါ။ အရေးကြီးတဲ့အချိန်တွေ ကြုံလာရတဲ့အခါ သွေးသွင်း သွေးလှူတွေအတွက် ကိုယ့်ရဲ့သွေးက ဘယ်လိုအမျိုးအစားလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး မတူညီကွဲပြားတဲ့ သွေးအမျိုးအစားပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးအပေါ်မှာ လွှမ်းမိုးမှုရှိနိုင်ရုံသာမက အချို့သူများအနေနဲ့လည်း သူတို့ရဲ့ ဥစ္စာဓနနဲ့ အကျင့်စရိုက်တွေနဲ့ လည်း ဆက်စပ်နေတယ်ဆိုပြီး ယုံကြည်ထားကြပါတယ်။

ဒါကြောင့် အခု MyHealth Myanmar မှနေပြီး အိုသွေးပိုင်ရှင်များနဲ့ပတ်သက်လို့ သီအိုရီဆိုင်ရာ အကြောင်းအရာလေးတွေကို ပြောပြပေးချင်ပါတယ်။

အိုသွေးပိုင်ရှင်များ သွေးလိုအပ်သည့်အခါ အိုသွေးတစ်မျိုးတည်းသာ လက်ခံနိုင်ပါတယ်။

O+ သွေးပိုင်ရှင်များဟာဆိုရင် O+ နှင့် O- နှစ်မျိုးလုံးကို လက်ခံသွင်းယူနိုင်ပေမယ့် O- သွေးပိုင်ရှင်များကတော့ တူညီတဲ့ O- သွေးကိုသာ ရယူနိုင်ပါတယ်။ အရေးပေါ်အခြေအနေများကို ကြုံတွေ့လာရချိန် O- သွေး လက်ဝယ် မရှိပါက O+ သွေးဖြင့် အစားထိုးနိုင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ စိုးရိမ်ဖွယ်အခြေအနေများ

ကျွနု်ပ်တို့ရဲ့ ကျန်းမာရေးကို သွေးဇီဝဓာတုဗေဒက အဆုံးအဖြတ်ပေးတဲ့ အခြေအနေတွေအများကြီးရှိပါတယ်။ ကျန်းမာရေးကို သွေးအမျိုးအစားက လွှမ်းမိုးထားခြင်းနဲ့ ပတ်သက်လို့ သုတေသနပြုလုပ်ဆဲဆိုပေမယ့် မတူညီတဲ့သွေးအမျိုးအစားရှိတဲ့ လူများအတွက် ကျန်းမာရေးနဲ့ပတ်သက်လို့ အန္တရာယ်များတဲ့အခြေအနေတွေ၊ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်တယ်ဆိုတာကို ပြသနေတဲ့ သီအိုရီတွေလည်းရှိပါတယ်။

သွေးအမျိုးအစားလေးမျိုးထဲကမှ အိုသွေးပိုင်ရှင်များဟာဆိုရင် အခြားသွေးအမျိုးအစားတွေထက် ဘတ်တီးရီးယားများအပြင် ပုလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ပါးချိတ်ရောင်နာ၊ တီဘီရောဂါများကဲ့သို့ ပြင်းထန်တဲ့ ရောဂါများကူးစက်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

အိုသွေးပိုင်ရှင်များဟာဆိုရင်ဖြင့် အေ၊ ဘီ နှင့် အေဘီသွေးပိုင်ရှင်များထက်ပိုပြီးတော့ နှလုံးနှင့်သက်ဆိုင်သော ရောဂါဖြစ်ပွားနိုင်ခြေ အနည်းဆုံးရှိပါတယ်။ ဒါ့အပြင် အိုသွေးအမျိုးအစားရှိသူများသည် သွေးလည်ပတ်မှုဆိုင်ရာ ရောဂါများနှင့် အသိအမြင်ဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်းတို့လို အခြေအနေများ ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပါတယ်။ သို့သော်လည်း ဘယ်လိုသွေးအမျိုးအစားပဲဖြစ်နေပါစေ ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ထိန်းသိမ်းထားခြင်းဟာ ရောဂါများကိုရှောင်ရှားရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။

အိုသွေးပိုင်ရှင်များနှင့် စားသောက်မှုပုံစံ

အချို့သူများအနေနဲ့ကတော့ သွေးအမျိုးအစားပေါ်မူတည်ပြီး စားသောက်မှုပုံစံမတူညီကွဲပြားတယ်ဆိုတဲ့ ဗဟုသုတ တချို့တလေကို ကြားဖူးကြမှာပါ။ ဒါပေမယ့်လည်း အာဟာရပညာရှင်များရဲ့ အကြံပြုချက်များကတော့ သွေးအမျိုးအစားနဲ့မဆိုင်ဘဲ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေအလိုက် ဆက်စပ်မှုရှိပြီး ကိုက်ညီမှုရှိတဲ့ စားသောက်မှုပုံစံကို ကျင့်သုံးဖို့ အကြံပေးထားပါတယ်။

အိုသွေးနဲ့ ပင်ကိုယ်စရိုက်

သွေးအမျိုးအစားပေါ်မူတည်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ ဝိသေသလက္ခဏာက ကွဲပြားခြားနားသွားတယ်ဆိုတဲ့အချက်ဟာ အငြင်းပွားဖွယ်ရာရှိပေမယ့်လည်း အချို့နိုင်ငံတွေမှာ အထူးသဖြင့် ဂျပန်လိုနိုင်ငံမှာဆိုရင်ဖြင့် ဒီလိုမျိုး သီအိုရီဟာ အလွန်ကိုနာမည်ကျော်ကြားပါတယ်။ တီဗွီအစီအစဉ်များ၊ သတင်းစာများနှင့် မဂ္ဂဇင်းတွေထဲမှာ သွေးအမျိုးအစားအလိုက် ဇာတာခွင်၊ ချစ်ရေးချစ်ရာ အခြေအနေများကို ပုံနှိပ်ထည့်သွင်းထားတာကို တွေ့မြင်ရနိုင်ပါတယ်။

ဂျပန်လူမျိုးများအနေနဲ့ အိုသွေးပိုင်ရှင်များဟာဆိုရင် သဒ္ဒါတရားရက်ရောခြင်း၊ စိတ်အားထက်သန်ခြင်း၊ ဖော်ဖော်ရွေရွေရှိခြင်းတို့လို စရိုက်လက္ခဏာများ ရှိတယ်လို့ ယုံကြည်ကြပြီး ငွေကြေးပိုင်းအားဖြင့်လည်း အောင်မြင်တဲ့အခြေအနေမှာရှိတယ်လို့ ယူဆထားပါတယ်။ ထိုမျှသာမက ချစ်ရေးချစ်ရာပိုင်းမှာဆိုရင်လည်း အိုသွေးများအတွက် အေသွေးပိုင်ရှင်များက ရှေ့သွားနောက်လိုက်အညီဆုံးလို့ ယုံကြည်ထားကြပါတယ်။