လူသားတွေရဲ့မှတ်ဉာဏ် ၈၀ ရာခိုင်နှုန်းခန့်က မိမိတို့တွေ့မြင်ရတဲ့အရာတွေပေါ်မှာ မူတည်နေတဲ့အတွက်ကြောင့် အမြင်အာရုံကောင်းမွန်နေဖို့အတွက် မျက်လုံးလေးတွေကို ဂရုစိုက်သင့်ပါတယ်။ လူသားတိုင်းက ဘဝမှာ မျက်လုံးနဲ့ပတ်သက်တဲ့ ပြဿနာ အနည်းဆုံးတစ်ခေါက်လောက်တော့ ခံစားဖူးကြမှာပါ။ အကယ်၍ သင်က မကြာခဏမျက်လုံးယားယံခြင်း၊ မျက်လုံးနီမြန်းခြင်း၊ မျက်လုံးနာကျင်ခြင်းတွေ ခံစားရမယ်ဆိုရင် မျက်စိဆရာဝန်ထံ အလျင်အမြန်သွားရောက် ကုသသင့်ပါတယ်။ မိမိရဲ့မျက်လုံးလေးတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုရင်

၁။ မျက်ကပ်မှန်ထက် မျက်မှန်ကိုသာ ဦးစားပေးရွေးချယ်ပါ

မျက်ကပ်မှန်တပ်ခြင်းက အခုနောက်ပိုင်းမှာ ခေတ်စားလာပြီး သင့်ကိုလှပအောင် ကူညီပေးနိုင်တယ်ဆိုပေမဲ့လည်း မျက်လုံးအတွက် သိပ်ကိုအန္တရာယ်များပါတယ်။

၂။ အလှပြင်တဲ့အခါ အသုံးပြုတဲ့ပစ္စည်းများကို မှန်မှန်ဆေးကြောသန့်စင်ပါ

အိပ်ရာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်တွေကို သေသေချာချာဖယ်ရှားသန့်စင်ပေးရပါမယ်။ မိတ်ကပ်ဘရက်ရှ်တွေကိုလည်း ပုံမှန်ဆေးကြောပေးပါ။ ပြီးရင် အရည်အသွေးကောင်းတဲ့အလှကုန်ပစ္စည်းကိုသာ ရွေးချယ်ဝယ်ယူပြီး အခြားသူများနဲ့မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

၃။ မျက်နှာသုတ်ပုဝါနဲ့ မျက်လုံးနဲ့မထိပါစေနဲ့

မသန့်ရှင်းတဲ့ လက်တွေနဲ့ မျက်လုံးကို ပွတ်သပ်ကိုင်တွယ်ခြင်း ရှောင်ကြဉ်ပါ။ မျက်နှာသုတ်ပုဝါကိုလည်း မှန်မှန်လျှော်ပေးပြီး မျက်နှာသုတ်တဲ့အခါ မျက်လုံးကို မထိဘဲ သုတ်ပေးဖို့ လိုအပ်ပါတယ်။

၄။ မျက်လုံးအားစိုက်ရခြင်းမှ ရှောင်ကြဉ်ပါ

အလင်းရောင်မှိန်တဲ့အခန်းမှာ စာဖတ်ခြင်း၊ ရွေ့လျားနေတဲ့ကားပေါ်မှာ စာဖတ်ခြင်းတွေက မျက်လုံးအားစိုက်ထုတ်မှု အလွန်အကျွံပြုလုပ်ရပြီး မျက်လုံးကိုထိခိုက်စေပါတယ်။

၅။ ဖုန်းသုံးခြင်း၊ ကွန်ပျူတာကြည့်ခြင်းကို ကန့်သတ်ပါ

ကွန်ပျူတာကြည့် မျက်မှန်သီးသန့်ထားခြင်း၊ ဖုန်းနဲ့ ကွန်ပျူတာကြည့်တဲ့အခါ အချိန်ကန့်သတ်ထားပြီး မျက်လုံးကို အနားပေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။

၆။ မျက်တောင်ကော့ဆေးအသုံးပြုတဲ့အခါ

မိန်းကလေးများ မာစကာရာနဲ့ မျက်တောင်ကော့တဲ့အခါ မျက်လုံးအတွင်းသားအထိမသွားဘဲ မျက်တောင်အပေါ်နားကိုပဲ ဆိုးပေးပါ။ ပြီးရင် ရေနဲ့အလွယ်တကူဖျက်ပစ်လို့ရမယ့် မျက်တောင်ကော့ဆေးမျိုးကိုသာ ရွေးချယ်ဝယ်ယူပေးပါ။

၇။ အိပ်ချိန်လုံလုံလောက်လောက်ထားပါ

ခန္ဓာကိုယ်က အနားယူဖို့လိုအပ်သလိုပဲ မျက်လုံးကလည်း အနားယူဖို့လိုအပ်ပါတယ်။ အိပ်ချိန်လုံလုံလောက်လောက်ရရှိခြင်းက ခန္ဓာကိုယ်ကျန်းမာရေး အတွက်တင်မကဘဲ မျက်လုံးကြွက်သားများကိုလည်း အားပြန်ဖြည့်တင်းပေးပါတယ်။

Source: Brightside.me