အိပ်ယာမဝင်ခင် မိတ်ကပ်ဖျက်ဖို့ ဘယ်နှစ်ကြိမ်လောက် ပျင်းရိခဲ့ဖူးပါသလဲ။ ညဖက်မှာ မိတ်ကပ်အလိမ်းသားကြီးနဲ့ အိပ်မယ်ဆိုရင်တော့ သင့်အသားအရေ ထိခိုက်ပျက်စီးမှုကို သင်မှန်းဆကြည့်လို့တောင် ရနိုင်မှာမဟုတ်ပါဘူး။ မိတ်ကပ်ကို မပျင်းမရိ အမြဲတမ်း ဖျက်ပေးပြီး ဘာလို့ အိပ်ယာဝင်သင့်သလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ ဝက်ခြံကာကွယ်ဖို့

ဝက်ခြံဆိုတာ လူငယ်တွေကြားမှာ အဓိကဖြစ်တတ်တဲ့ ပြဿနာဆိုရင် မမှားပါဘူး။ ဒါပေမယ့် သက်လတ်ပိုင်းအရွယ်ရောက်လာဖို့ မိတ်ကပ်ကို သေချာမဖျက်ဘဲ အမြဲအိပ်တတ်ရင် ချွေးပေါင်တွေ ပိတ်စို့ပြီး ဝက်ခြံတွေ ထွက်လာစေပါတယ်။ ဒါ့ကြောင့် မျက်နှာကို သေချာသစ်ပေးပါ။

၂။ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေဖို့

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမရှိစေဖို့အတွက် မျက်နှာကို သန့်ရှင်းရေးလုပ်ဖို့လိုပါတယ်။ မျက်နှာကို သေချာသန့်ရှင်းရေးမလုပ်ပေးရင် အချိန်မတိုင်ခင် အရေးကြောင်းတွေ ဖြစ်ပေါ်လာမှာပါ။ ဒါ့ကြောင့်အပြင်ကပြန်လာတာနဲ့ မိတ်ကပ်ကို တိုနာ (သို့) မိတ်ကပ်ဖျက်တဲ့အရည်နဲ့ သေချာဖျက်ပါ။ ပြီးရင် မျက်နှာကို စင်အောင်သစ်ပါ။

၃။ မျက်နှာအသားအရေ စိုပြေနေဖို့

မျက်နှာအသားအရေ ကြည်လင်နေဖို့အတွက် မိတ်ကပ်ကို သေချာဖျက်ပေး သန့်ရှင်းရေးလုပ်ပေးပြီး Toner လိမ်းပေးထားဖို့လိုပါတယ်။ ညဖက်မှာ သင့်ကို ပိုမို နုပျိုလှပစေတဲ့ ဆဲလ်သစ်တွေ ဖြစ်ပေါ်စေတာမို့ သင့်အသားအရေကို စိုပြေစေမှာပါ။

၄။ အရေပြားဓာတ်မတည့်ခြင်း ယားယံခြင်းကို ကာကွယ်ဖို့

အရေပြား ဓာတ်မတည့်ဖြစ်ခြင်းဟာ သင်သုံးနေတဲ့ မိတ်ကပ်တွေ ကြောင့်လည်းပါသလို မျက်နှာကို သေချာ သန့်ရှင်းရေးမလုပ်တာကြောင့်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာကို သေချာသန့်ရှင်းရေးလုပ်ပေးပြီး အလှကုန်ပစ္စည်းတွေကို သေချာရွေးချယ်ပေးပါ။

၅။ သင့်နှုတ်ခမ်းသား စိုပြေနေစေဖို့

အပြင်ကပြန်လာရင်ပဲ နှုတ်ခမ်းနီကို သေချာဖျက်ပေးပါ။ ညအိပ်ယာမဝင်ခင် နှုတ်ခမ်းကို သန့်ရှင်းရေးလုပ်ပြီး အဆီတမျိုးမျိုး လိမ်းပေးထားပါ။

၆။ မျက်ကွင်းညိုတာကို ကာကွယ်ရအောင်

မျက်ကွင်းညိုတာကာကွယ်ဖို့ မိတ်ကပ်သေချာဖျက်ပါ။ အိပ်ရေး၀၀အိပ်ပါ။ သခွား သီး (သို့) လက်ဖက်ထုပ် ကပ်ပေးပါ။

၇။ မျက်တောင်မွှေးကျွတ်တာကို ကာကွယ်ဖို့

မျက်တောင်မှာလိမ်းထားတဲ့ မျက်တောင်ကော့ဆေးတွေကို သေချာဖျက်ပေးပါ။ ပြီးရင် သံလွင်ဆီ (သို့) အုန်းဆီ (သို့) ကြက်ဆူဆီကို မျက်တောင်မှာ လိမ်းပေးပါ။ မျက်လုံးထဲ မဝင်အောင် လိမ်းပေးရမှာဖြစ်ပါတယ်။ မျက်လုံးကိုလည်း ခဏခဏ ပွတ်တာကို ရှောင်ကြဉ်ပါ။