စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ခက်နေလား။ ၄-၇-၈ ဆိုတဲ့ အသက်ရှုလေ့ကျင့်ခန်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းလမ်းက ဦးနှောက်ကနေ တွေးနေတဲ့အတွေးတွေကို ရပ်တန့်ပြီး အိပ်မောကျစေဖို့ အကူအညီဖြစ်စေမှာပါ။

ဒီနည်းလမ်းကိုတော့ အမေရိကန်က နာမည်ကျော် ဆရာဝန်တစ်ဦးဖြစ်တဲ့ Dr. Andrew Weil က ပြောပြပေးခဲ့တာပါ။ ဒါက သင့်ရဲ့ အသက်ရှုတဲ့နည်းလမ်းကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးနိုင်တဲ့နည်းလမ်းလည်းဖြစ်ပါတယ်။ အရမ်းကိုစိတ်ဝင်စားစရာကောင်းပြီး အဆုတ်ထဲမှာ အောက်စီဂျင်ရောက်ရှိမှုလည်း ပိုကောင်းတယ်သလို စိတ်ကိုလည်း တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။

တချို့သူတွေဟာ စိတ်ဖိစီးမှုကြောင့် ညအိပ်ယာမဝင်ခင် TV Screen တွေ ကွန်ပျူတာတွေ ဖုန်းတွေ အကြည့်များတာကြောင့်ပဲဖြစ်ဖြစ် အတွေးများလို့ပဲဖြစ်ဖြစ် အိပ်မပျော်ကြပါဘူး။ ကိုယ့်ရဲ့ ဦးနှောက်ကနေ တောင်စဉ်ရေမရ လျှောက်တွေးနေတဲ့ အတွေးတွေကို ရပ်ပစ်လိုက်ဖို့က တကယ်ကိုခက်ခဲပါတယ်။

၄ ၊ ၇ နဲ့ ၈ ဆိုတာဘာလဲဆိုတဲ့ မေးခွန်းရှိပါတယ်။

Dr. Andrew Weil ကတော့ ဒီကုသနည်းဟာ စိတ်ဖိစီးမှုကို တန်ပြန်တုန့်ပြန်တဲ့သဘောဖြစ်တယ်လို့ဆိုပါတယ်။ နည်းလမ်းကလည်း လွယ်ကူပြီးရိုးရှင်းပါတယ်။

အရင်ဆုံး အသက်ကို ၄ စက္ကန့်လောက် ရှုသွင်းပါ။

၇ စက္ကန့်လောက် အောင့်ထားပါ။

ပြီးရင် ၈ စက္ကန့်လောက် လေပြန်ထုတ်ပေးပါ။

လွယ်တယ်နော်။ ဒီနည်းလမ်းက နှလုံးခုန်နှုန်းကို တဖြည်းဖြည်းနှေးသွားပြီး ဦးနှောက်ထဲက အတွေးတွေကို သက်သာစေသလို သင့်ကိုလည်း စိတ်တည်ငြိမ်စေမှာဖြစ်ပါတယ်။

ညဖက်အိပ်မပျော်ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးကို စမ်းသပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ ရိုးရှင်းလွယ်ကူပြီး အပန်းမကြီးပါဘူး။ စာဖတ်သူတို့ စိတ်ဖိစီးမှု ကင်းဝေးပြီး ညဖက်မှာ အိပ်မက်လှလှမက်ကြပါစေ။

Featured Image Source: HeyRecipe