အစာအဆိပ်သင့်ခြင်းဆိုရာမှာ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ အစာအဆိပ်သင့်ခြင်းရှိသလို လူကို မအီမသာဖြစ်ရုံ အော့အန်စေရုံလောက်သာ ဒုက္ခပေးတဲ့ အစာအဆိပ်သင့်ခြင်းမျိုးလည်းရှိပါတယ်။ မတည့်တဲ့အစာတွေကို စားသုံးမိတာမျိုး၊ ရက်လွန်ပြီး မှိုတက်နေတဲ့ အစားအစာများကို စားသုံးမိတဲ့အခါ အစာအဆိပ်သင့်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။

ဒီဝေဒနာရဲ့ အန္တရာယ်မှ ကင်းလွတ်နိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့်အရာတွေကို သေချာလိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။

ရေခဲသေတ္တာထဲမှာ ဘယ်လိုအစားအစာတွေကို ထည့်သိမ်းထားရမလဲ

အစားအသောက်အချို့ကို လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်အထားခံဖို့အတွက်ဆိုပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားတတ်ပါတယ်။ ဘယ်လိုအစားအသောက်မျိုးလဲဆိုရင် “ရေခဲသေတ္တာထဲ ထည့်ထားရန် (Keep Refrigerated)” ဆိုတဲ့ အညွှန်းပါတဲ့အစားအစာမျိုး၊ ကုန်ဆုံးမယ့်ရက် ပါရှိတဲ့ အစားအစာမျိုးကို ထည့်ထားသင့်ပါတယ်။

မကုန်သေးလို့ ကျန်ရှိနေသေးတဲ့အစားအစာတွေကို စားပြီးပြီးချင်း ၂ နာရီအတွင်း ရေခဲသေတ္တာထဲ ပြန်ထည့်ထားရပါမယ်။ ဒါ့အပြင် ၂ ရက်အတွင်း ကုန်အောင် စားရပါမယ်။

အဖုံးဖွင့်ထားပြီးသား စည်သွပ်ဘူးတွေကိုတော့ ရေခဲသေတ္တာထဲ ပြန်မထည့်သင့်ပါဘူး။ သတ္တုဓာတ်တွေ ဓာတ်ပြုသွားနိုင်လို့ပါပဲ။

ရေခဲသေတ္တာကို မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲ

Source: realsimple.com

သင့်ရေခဲသေတ္တာရဲ့ အပူချိန်ကို ၅ ဒီဂရီစင်တီဂရိတ်နှင့် သူ့ထက်နည်းတဲ့ အပူချိန်မှာပဲ ထားရပါမယ်။ ဒါ့အပြင် ရေခဲသေတ္တာက ညစ်ပတ်ပေရေနေတယ်ဆိုရင်လည်း သန့်ရှင်းရေးမှန်မှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။

ရေခဲသေတ္တာထဲ ထည့်သိမ်းထားရမယ့် အစားအစာများ

ဒိန်ချဉ်၊ ချိစ်၊ နွားနို့၊ အသားနှင့် ငါး၊ ကြက်ဥ၊ ဘဲဥ (ပြုတ်ပြီးသား ကြက်ဥများကိုလည်း ထည့်သိမ်းထားနိုင်ပါတယ်)၊ ငှက်ပျောသီး၊ ပေါင်မုန့် စတဲ့ အစားအစာများကို ထည့်သိမ်းထားပေးပါ။

အိတ်တစ်မျိုးတည်းကိုပဲ ပြန်လည်အသုံးပြုတဲ့အခါ

Source: chefsteps.com

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ပလပ်စတစ်အိတ်တွေကို လျော့သုံးလာကြပြီး သုံးပြီးသားအိတ်တွေကိုပဲ ထပ်တလဲလဲ ပြန်လည်အသုံးပြုလေ့ရှိပါတယ်။ သို့သော် အသားငါး ထည့်ပြီးတဲ့ပလပ်စတစ်အိတ်တွေကိုတော့ ပြန်လည်အသုံးမပြုသင့်ဘဲ လွှင့်ပစ်တဲ့အခါမှာလည်း ယင်ကောင်လာမနားအောင် သေချာထုပ်ပိုးပြီးမှသာ လွှင့်ပစ်သင့်ပါတယ်။

ချည်ထည်အိတ်များကို အသုံးပြုတဲ့အခါမှာလည်း အသားငါး ထည့်တဲ့အိတ်သပ်သပ်၊ ဟင်းသီးဟင်းရွက်အိတ်သပ်သပ် အသုံးပြုသင့်ပါတယ်။ ချည်ထည်အိတ်များ၊ ဂုန်နီအိတ်များက ပလပ်စတစ်အိတ်ထက် ပိုအသုံးဝင်တဲ့အတွက်ကြောင့် ပတ်ဝန်းကျင်ကို တစ်ထောင့်တစ်နေရာက ထိန်းသိမ်းတဲ့အနေနဲ့ ပလပ်စတစ်အိတ်အစားထိုး အသုံးပြုသင့်ပါတယ်။

Source:Brightside