နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့အခါ ချွေးထွက်များကြပါတယ်။ ရံဖန်ရံခါ ရာသီဥတု ပူပြင်းရင်လည်း ချွေးနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ အနံ့ဆိုးတွေကြောင့် ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုမရှိသလို အခြားသူများကိုလည်း အားတုံ့အားနာ ဖြစ်ရပါတယ်။ စမတ်ကျကျ ဝတ်စားထားပြီးမှ အနံ့တွေ တထောင်းထောင်းထနေရင်လည်း ရှိုးပဲ့တာပေါ့။

ချွေးဆိုတာမျိုးက ဘယ်နေရာက ထွက်ထွက် ဘာအနံ့မှမရှိပါဘူး။ ဒါပေမယ့် အရေပြားပေါ်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေနဲ့ ပေါင်းလိုက်တဲ့အခါမှာ ချွေးက အနံ့ပြင်းလာပါတယ်။

ဘယ်လိုကြောင့်ဖြစ်ဖြစ် အနံ့ဆိုးထွက်ပြီ ဆိုတာနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

ချွေးမထွက်အောင် ဆိုတာထက် အနံ့မထွက်အောင် ဆိုတာကို ဦးစားပေးပါမယ်။

1) ဆပ်ပြာ

ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယားတွေကြောင့် အနံ့ထွက်တာဖြစ်လို့ ဘက်တီးရီးယားတွေ လျော့သွားအောင် နေ့စဉ်ရေချိုးသင့်ပါတယ်။

Anti-Bacterial Soap ဖြင့် သေချာသန့်ရှင်းအောင် ပွတ်တိုက်ပြီး ရေချိုးပေးပါ။

2) အဝတ်ဗီရို

အဝတ်အစားထည့်တဲ့ သေတ္တာတွေ ပုံးတွေ ဗီရိုတွေကို မှိုမတက်အောင် အနံ့အသက်ကင်းအောင် လေဝင်လေထွက်ကောင်းအောင် ထားပေးသင့်ပါတယ်။ အဝတ်အစားကြောင့်လည်း အနံ့ဆိုးထွက်တတ်လို့ သန့်ရှင်းစွာထားပါ။

3) အစားအသောက်

ကြက်သွန်ဖြူ ငရုတ်သီး နဲ့ အခြားဟင်းခတ်အမွှေးအကြိုင်တွေဟာ ချွေးနံ့ပြင်းစေပါတယ်။ အပူအစပ် အရမ်းကြိုက်သူတွေဆိုရင် သတိထားသင့်ပါတယ်။

4) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကို ဂွမ်းနှင့်စုပ်ယူပြီး ချိုင်း သို့မဟုတ် အနံ့ထွက်သောနေရာသို့ လိမ်းပေးပါ။ သုံးမိနစ်ခန့်ထားပြီးရင် ရေချိုးပါ။

တစ်နေ့နှစ်ကြိမ်လုပ်ပေးခြင်းဖြင့် အနံ့ဆိုးများ သိသိသာသာလျော့သွားပါမည်။

5) မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါတစ်ဇွန်း သံပုရာရည်တစ်ဇွန်း ရော၍ ချိုင်း သို့မဟုတ် အနံ့ထွက်သော နေရာသို့ လိမ်းပေးပါ။ သုံးမိနစ်ခန့်ထား၍ ရေအေးနှင့် ဆေးချပါ။ မုန့်ဖုတ်ဆော်ဒါက အနံ့ဆိုးများကို စုတ်ယူသွားပါလိမ့်မည်။