ကျန်းမာကြံ့ခိုင်သော ကလေးအများစုသည် အဖျားကိုကောင်းမွန်စွာတောင့်ခံနိုင်သော်လည်း ပုံမှန်အခြေအနေများတွင် ၃ ရက်မှ ၅ ရက်အထိ ကြန့်ကြာနိုင်ပါတယ်။ မည်သည့်အခြေအနေတွင်ဖြစ်စေ ဆရာဝန်၏ဆေးဝါးညွှန်ကြားချက်ကို လိုက်နာရန်လိုအပ်သော်လည်း မိမိရင်သွေးငယ်များ၏ ကိုယ်အပူချိန်ကျဆင်းစေဖို့ ဦးစွာအနေဖြင့် မိဘများ လိုက်လံလုပ်ဆောင်နိုင်မည့် ရိုးရှင်းသော နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ရေပတ်တင်ပါ။

ကလေးငယ်များအဖျားရှိလာပြီဆိုသည်နှင့် ဦးစွာပထမ စိုစွတ်မှုရှိသည့်အဝတ်တစ်ခုကို ကလေး၏နဖူးပေါ်တွင် တင်ပေးပါ။ အဝတ်အတွင်းရှိရေသည် အဖျားကိုဆွဲယူသွားပြီး အငွေ့ပျံ့သွားစေသောကြောင့် ကိုယ်ပူချိန်ကိုလျင်မြန်စွာ ကျဆင်းစေနိုင်ပါတယ်။ မှတ်ချက် – ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေနိုင်သည့် အလွန်အေးသော ရေခဲရေကို လုံးဝအသုံးမပြုပါနှင့်။

၂။ ရေနွေးနွေးဖြင့်ချိုးပေးပါ။

ကြက်သီးညင်းထရုံမျှနွေးသည့် ရေဖြင့်ချိုးပေးခြင်းသည် ကိုယ်တွင်းအပူချိန်ကိုလည်ပတ်စေရန် ကူညီပေးပြီး ကလေးငယ်များကို ပိုမိုကောင်းမွန်စွာ အိပ်စက်စေမှာဖြစ်ပါတယ်။ ရေချိုးပြီးသည်နှင့် ချက်ချင်းဆိုသလို အဝတ်ဝတ်ပေးပါ။ မှတ်ချက် – အလွန်ပူလွန်း၊ အေးလွန်းသောရေကို အသုံးပြုခြင်းမှ ရှောင်ရှားပါ။

၃။ မိခင်နို့တိုက်ကျွေးပါ။

၆ လအောက် ရင်သွေးငယ်များတွင် အဖျားရှိလာပါက ကလေး၏အားနည်းနေသည့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသော အာဟာရဓာတ်များညီမျှစွာ ပါဝင်သည့် မိခင်နို့ကို တိုက်ကျွေးရန် အလွန်အရေးကြီးပါတယ်။ ထို့ကြောင့် တတ်နိုင်သမျှ ကြိုးစားပြီး မိခင်နို့တိုက်ကျွေးပေးစေလိုပါတယ်။

၄။ အရည်များများတိုက်ပါ။

နေမကောင်းသောကလေးများအတွက် အရည်များများမကြာခဏ သောက်သုံးပေးရန် အထူးလိုအပ်ပါတယ်။ ချွေးထွက်ခြင်းကြောင့် ကုန်ခမ်းသွားသည့် အရည်များနေရာတွင် အစားထိုးပေးနိုင်မှာဖြစ်သောကြောင့် ရေဓာတ်ကုန်ခမ်းခြင်းမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၅။ သက်သောင့်သက်သာရှိသည့်အဝတ်အစားဆင်ပါ။

အချို့မိဘများသည် ကလေးငယ်များကို အနွေးဓာတ်ရရှိစေရန်အတွက် အဝတ်အထပ်ထပ်များ၊ စောင်အပိုများဖြင့်ဖုံးအုပ်ထားလေ့ရှိပါတယ်။ သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းက အပူချိန်ကို တက်သွားခြင်း သို့မဟုတ် မြင့်တက်သွားခြင်းတို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

၆။ ခြေထောက်များကို နှိပ်နယ်ပေးပါ။

နေမကောင်းသောကလေးငယ်၏ ခြေဖဝါးကို နွေးထွေးသောအဆီအချို့ဖြင့် ပွတ်သပ်ပေးခြင်းသည် ဂနာမငြိမ်ဖြစ်နေသော ကလေးကို ငြိမ်ရာ ရစေနိုင်ပါတယ်။ ပိုမိုကောင်းမွန်စွာလည်း အိပ်စက်စေသောကြောင့် လျင်လျင်မြန်မြန်နှင့် သက်သာနိုင်မှာဖြစ်ပါတယ်။ အလွန်အကျူးမလုပ်ဖို့လည်း သတိပေးချင်ပါတယ်။

၇။ ပင်စိမ်း

ပင်စိမ်းလက်တစ်ဆုပ်စာကို ရေနှစ်ခွက်ပမာဏရှိပန်းကန်ထဲထည့်၍ တစ်ဝက်ကျိုးသွားသည်အထိကျိုပေးပြီး သကြားအနည်းငယ်ထည့်ကာ အသက်တစ်နှစ်နှင့်အထက် ကလေးငယ်များကိုယ်အပူချိန်ကျဆင်းရန်အတွက် တိုက်ကျွေးပေးနိုင်ပါတယ်။

၈။ ကိုယ်အပူချိန်ကိုတိုင်းတာပါ။

ကလေးရဲ့ကိုယ်အပူချိန်ကို တိုင်းတာသည့်အခါမှာ လက်အစား အဖျားတိုင်းကိရိယာကိုအသုံးပြုပေးပါ။ မှန်မှန်တိုင်းတာခြင်းဖြင့် ရရှိလာသည့် ကိုယ်အပူချိန်ကို မှတ်စုထဲတွင်ချရေးထားခြင်းက ဆရာထံသွားရောက်ပြသသည့်အခါ အလွန်အထောက်အကူဖြစ်နိုင်မှာပါ။