မင်္ဂလာပါ ပျိုမေတို့ရေ… တစ်ခါတစ်လေမှာ အစားစားနေရင်းနဲ့အခန့်မသင့်လို့ လျှာကိုအပူလောင်သွားတာမျိုးတွေ ကြုံတွေ့ဖူးမှာပါ။ ဒါကို လျှာကျက် သွားပြီလို့လည်း တစ်မျိုးခေါ်ကြသေးတယ်လေ။ ဒီလိုမျိုး ရုတ်တရက်ကြီးဖြစ်သွားတဲ့အချိန်မှာဆိုရင် သက်သာအောင် ပြန်ပြီးတော့ လုပ်လို့ရမယ့် နည်းလမ်းကောင်းတွေကို သိထားဖို့လည်းလိုအပ်ပါသေးတယ်။

လျှာကိုအပူလောင်သွားတဲ့အခါမှာ နှစ်ရက်သုံးရက်လောက်က နေရထိုင်ရခက်ခဲနေပြီး စားရသောက်ရတာတွေကလည်း သိပ်ပြီးတော့ အဆင်မပြေ တော့ပါဘူး။

လျှာကိုအပြင်ထုတ်ပြီး ပါးစပ်နဲ့အသက်ရှူတာမျိုးလုပ်မယ်ဆိုရင် လျှာမှာအပူလောင်သွားတာကို အနည်းငယ်တော့ သက်သာသွားစေမှာပဲဖြစ်ပါတယ်။ အပူလောင်သွားပြီး ချက်ချင်းဆိုသလိုဒီနည်းလမ်းမျိုးကို လုပ်ပေးရမှာဖြစ်ပြီး နည်းနည်းသက်သာသွားလောက်တဲ့ထိ လုပ်ပေးရမှာပဲဖြစ်ပါတယ်။

အေးတာလေးတစ်ခုခုစားပေးမယ်ဆိုရင်လည်း လျှာအပူလောင်သွားတာကို သက်သာစေနိုင်ပါတယ်။ ပူတဲ့အရာတစ်ခုခုကို စားမိလိုက်တာကြောင့် ပျက်စီးသွားတဲ့တစ်ရှူးတွေကို ပြန်လည်သက်သာလာစေဖို့အတွက် အေးတဲ့အရာတစ်ခုခုကို စားပေးသင့်ပါတယ်။ ရေခဲရေသောက်လိုက်တာမျိုး၊ ရေခဲတုံးကိုငုံထားလိုက်တာမျိုး၊ ရေခဲမုန့်စားလိုက်တာမျိုးဆိုရင် အပူလောင်တာကိုလျော့ချပေးနိုင်မှာပါ။

ပျားရည်ကလည်းဘက်စုံအသုံးဝင်နေတဲ့ သဘာဝပစ္စည်းဆိုတော့ လျှာအပူလောင်တဲ့အခါမှာလည်း ကူညီပေးနိုင်ပြန်ပါပြီနော်။ လျှာကိုမတော်တဆအပူလောင်သွားမယ်ဆိုရင် ပျားရည်ကိုလျှာပေါ်မှာ တင်ထားပေးပြီး မျိုမချလိုက်ပဲ ငုံထားပေးရမှာပဲဖြစ်ပါတယ်။ ဒါမှာလည်း လျှာပေါ်မှာခံစားနေရတဲ့ အပူလောင်တာကိုသက်သာစေမှာပဲဖြစ်ပါတယ်။

သကြားကိုလည်းအသုံးပြုပေးလို့ရတယ်နော်။ အပူလောင်သွားတဲ့အခါမှာ ခံစားရတဲ့အရာကို သကြားကဖြေရှင်းပေးနိုင်တာပေါ့။ သကြားကို လျှာပေါ်မှာတင်ထားပေးလိုက်မယ်ဆိုရင် ချိုတဲ့အရသာကိုခံစားနေမိပြီး ပူတာကြောင့်ပျက်စီးသွားတဲ့ တစ်ရှူးတွေကိုလည်း သက်သာလာစေပါတယ်။ ဒီနည်းလမ်းကို မသက်သာသေးသရွေ့လုပ်ပေးလို့ရပါတယ်။

Photo Source: Unsplash