စားပွဲခုံမှာ တနေ့လုံးထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းက ပင်ပင်ပန်းပန်းလုပ်ရတယ်လို့ မထင်ရပေမယ့်လည်း ခန္ဓာကိုယ်အတွက်တော့ အလွန်ဆိုးကျိုး များပြားလှပါတယ်။ ထိုမှတဆင့် ကုတ်နှင့်ပခုံးနာကျင်မှုတို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒါကြောင့် အပြောင်းအလဲအနည်းငယ်လုပ်ပေးလိုက်ရုံနဲ့ အလုပ်ချိန်အတွင်း ပခုံးနာကျင်မှုကို ကာကွယ်တာဖြစ်ဖြစ်၊ သက်သာအောင်ပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ မတ်မတ်ထိုင်ပါ

စားပွဲမှာအချိန်အကြာကြီးနေရမယ်ဆိုရင် မတ်မတ်ထိုင်ပေးဖို့အလွန်အရေးကြီးပါတယ်။ ထိုသို့ပြုလုပ်ပေးခြင်းက ပုခုံးနှင့်ကုတ်နေရာာများရှိ ဖိအားတို့ကိုလျော့ကျစေလို့ နာကျင်မှုကို သက်သာစေပါတယ်။

၂။ ထိုင်ပုံကိုမကြာခဏပြောင်းပေးပါ

ရုံးအတွင်းအလုပ်လုပ်မယ်ဆိုရင် နာရီအနည်းငယ်ကြာတိုင်း ထိုင်သည့်ပုံစံပြောင်းပေးပါ။ ပုံစံတစ်မျိုးတည်းကို အချိန်အကြာကြီးထိုင်ခြင်းက ဂုတ်၊ နောက်ကျောနှင့် ပခုံးတို့ကို ဒဏ်ဖြစ်သွားစေနိုင်ပါတယ်။

၃။ အလုပ်စားပွဲကိုနေရာပြန်လည်ချထားပါ

သင့်စားပွဲဟာ ထိုင်တဲ့အခါ တံတောင်ဆစ်နှင့် တတန်းတည်းရှိနေရမှာဖြစ်ပြီး မော်နီတာကလည်း လက်တကမ်းအကွာမှာရှိနေရပါမယ်။ မော်နီတာမျက်နှာပြင်ဆိုရင်လည်း မျက်လုံးအောက်နည်းနည်းရောက်ရမှာဖြစ်ပြီး ထိုင်ခုံကိုလည်း နောက်ကျောမှီနှင့် ဖင်ထိုင်ခုံအိတာကို ရွေးချယ်အသုံးပြုပါ။

၄။ မကြာခဏအနားယူပါ

ကွန်ပျူတာအရှေ့ တနေကုန်ုထိုင်နေခြင်းက ကျန်းမာရေးအတွက်မကောင်းလို့ နာရီဝက်ကြာတိုင်း ငါးမိနစ်အနားယူပေးပါ။ အနားယူတဲ့အချိန်မှာလည်း လက်ကိုလှုပ်ခါပေးပါ။ မျက်လုံးမှိတ်ပြီး တကိုယ်လုံးကို အကြောဆန့်ပေးပါ။

၅။ ပုခုံးလေ့ကျင့်ခန်းလုပ်ပေးပါ

လေ့ကျင့်ခန်းလုပ်တာက ပုခုံးနာကျင်မှုကို သက်သာစေပြီး လုပ်ရတာလည်းလွယ်ကူလို့ အလုပ်မှာပဲ အခက်အခဲမရှိလုပ်ဆောင်နိုင်မှာပါ။

ကျောကိုမတ်မတ်ထားပြီး ပုခုံးနှစ်ဖက်ကို အရှေ့၊ အပေါ်၊ အနောက်နှင့်အောက်ကို အဝိုင်းပုံအတိုင်းလုပ်ဆောင်ပေးပါ။ ဆယ်ကြိမ်လုပ်ဆောင်ပြီးရင် ဦးတည်ချက်ပြောင်းပြီး နောက်ထပ်လုပ်ဆောင်ပေးပါ။ တနေ့လျှင် သုံးကြိမ်မှလေးကြိမ် လုပ်ဆောင်ပေးပါ။

၆။ ယောဂကျင့်ပေးပါ။

ယောဂဟာ ကိုယ်နေဟန်ထားအတွက်သာမက တကိုယ်လုံးကျန်းမာရေးအတွက်ပါ အထူးကောင်းမွန်ပါတယ်။

မတ်မတ်ထိုင်၍ ကျောရိုးအရင်းကနေ တဖက်ကိုလိမ်လိုက်ပြီး လေကိုရှူလိုက်ထုတ်လိုက်လုပ်ပေးပါ။ လက်တစ်ဖက်ကိုလည်း လိမ်ထားသည့်ခါးမှာထောက်ထားပြီး ပုံမှန်အနေအထားပြန်မရောက်ခင် အကြိမ်အနည်းငယ်လောက် အသက်ပြင်းပြင်းရှူပေးပါ။ အခြားတစ်ဖက်ကိုလည်း ပုံစံတူပြုလုပ်ပေးပါ။

၇။ စိတ်ဖိစီးမှုဖြေလျော့ပါ

အလုပ်ခွင်ထဲရောက်လျှင် စိတ်ဖိစီးမှုရတတ်တာ ပုံမှန်ဆိုပေမယ့်လည်း စိတ်ဖိစီးမှုလွန်ကဲလာရင်တော့ ဂုတ်၊ ကျောနှင့် ပုခုံးတို့မှာ နာကျင်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုပျောက်အောင် ကြိုးစားပါ။

၈။ ပက်လက်လှန်အိပ်ပါ

အိမ်ရောက်လို့အိပ်ဖို့ပြင်ပြီဆိုရင် ပက်လက်လှန်အိပ်ဖို့အမြဲသတိရပါ။ ထိုသို့အိပ်စက်တဲ့အခါ နောက်ကျောရိုးက အိပ်ရာမှထောက်ပံ့မှုကို ရရှိပြီး ပုခုံးနှစ်ဖက်မှာလည်း ခန္ဓာကိုယ်နှင့်တပြေးတည်း ညီညာမှုရှိနေမှာပါ။