မျက်နှာသစ်လိုက်ရုံနဲ့ မျက်နှာပေါ်က ဆဲလ်သေတွေ အညစ်အကြေးတွေ သန့်စင်သွားတာမဟုတ်ပါဘူးနော်။ မျက်နှာအသားအရေကို သန့်စင်ပေးဖို့ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ သင့်မျက်နှာကို ပုံမှန်သစ်ပေးရုံသာမကဘဲ တစ်ပတ်ကို တစ်ခါလောက် (သို့) ၂ ခါလောက်တော့ သေချာလေး မျက်နှာအသားအရေက ဆဲလ်သေတွေကို ဖယ်ရှားပေးသင့်ပါတယ်။

အမည်းစက်တွေနဲ့အတူ တခြားအသားအရေနဲ့ပတ်သက်လို့ ဖြစ်တတ်တဲ့ ပြဿနာတွေကို ကာကွယ်ပေးမယ့်အပြင် ဆဲလ်သေတွေကိုဖယ်ရှားပြီး အသားအရေကို ကြည်လင်သန့်စင်စေမယ့် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ (Baking Soda) နဲ့ အုန်းဆီ

အခုဖော်ပြထားတဲ့ ပါဝင်ပစ္စည်းနှစ်မျိုးကို ပေါင်းစပ်ပြီး သင့်အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တခြား မျက်နှာသန့်စင်ဆေးတွေလိုမဟုတ်ဘဲ ဓာတုပစ္စည်းမပါတာမို့ သင့်အသားအရေကို ပိုမို ကျန်းမာလှပစေမှာပါ။

မုန့်ဖုတ်ဆိုဒါက အသားအရေကို အတွင်းပိုင်းထိသန့်စင်ပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ ချွေးပေါက်တွေကိုလည်း သန့်စင်ပေးပါတယ်။

ဆားဝင်ခြံတွေကိုလည်း သက်သာစေသလို PH ပမာဏကို မျှတစေလို့ အသားအရေယားယံခြင်းတွေအပြင် တခြားပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

အုန်းဆီဟာဆိုရင်လည်း Fatty Acid ပါဝင်ပြီး သင့်အသားအရေကို ရေဓာတ်ဖြည့်စွမ်းပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ပါဝင်လို့ အသားအရေကို နုပျို စိုပြေစေပါတယ်။

မုန့်ဖုတ်ဆိုဒါ ခွက် တစ်ဝက်နဲ့ အုန်းဆီ တစ်ခွက်ကို ရောလိုက်ပါ။

အရင်ဆုံး အုန်းဆီအခဲဆိုရင် Microwave ထဲမှာထည့်ပြီး အရည်ပျော်အောင် အပူပေးလိုက်ပါ။အရည်ပျော်သွားရင် မုန့်ဖုတ်ဆိုဒါထည့်လိုက်ပြီး သေချာမွေလိုက်ပါ။ ပြီးရင် ခဏအေးအောင်ထားလိုက်ပါ။ အဲဒီနောက် အလုံပိတ်ဘူးထဲကိုထည့်ပြီး အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားပါ။

သင်လိုအပ်တဲ့ ပမာဏလောက်ယူပြီး မျက်နှာပေါ်လိမ်းပေးကာ သေချာလေး ပွတ်ပေးပါ။ လည်ပင်းနဲ့ ရင်ဘတ်နားကိုလည်း လိမ်းနိုင်ပါတယ်။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်သုံးနိုင်ပါတယ်။

ညဖက်မှာသုံးတာပိုကောင်းပါတယ်။ သင်ကိုယ်တိုင်လုပ်ထားတဲ့ သဘာဝပစ္စည်းဆိုတော့ သင့်အသားအရေကို ဘေးထွက်ဆိုးကျိုးမရှိစေဘဲ ကြည်လင်လှပစေမှာအမှန်ပါပဲနော်။