မျက်လုံးဆိုတာ ခန္ဓာကိုယ်အတွက် အရေးအကြီးဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မတော်တဆမျက်လုံးထိခိုက်မိပြီး အမြင်အာရုံဆုံးရှုံးခဲ့ရင် တကယ့်ကိုဝမ်းနည်းစိတ်မကောင်းစရာပါပဲ။

ဒါဆိုရင် မတော်တဆမဖြစ်အောင် နေထိုင်ကြမယ်၊ မျက်လုံးကျန်းမာရေးအတွက်လည်း ဘယ်လိုဂရုစိုက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ ကျန်းမာရေးနဲ့ ညီညွှတ်စွာစားပါ

Photo Source: rzoom.com.br

အမြင်အာရုံကောာင်းမွန်ဖို့အတွက် ဟင်းနုနွယ်၊ ကိုက်လံစတဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းရွက်များ စားသုံးခြင်း၊ ဆော်လမွန်ငါး၊ တူနာငါးနဲ့ အခြားအဆီဓာတ်ကြွယ်ဝသော ငါးများစားသုံးခြင်း၊ ဥအမျိုးမျိုး၊ အခွံမာသီး၊ ပဲအမျိုးမျိုးစတဲ့ ပရိုတိန်းဓာတ်များစားသုံးခြင်း၊ လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီးစတဲ့ အချဉ်ဓာတ်ပါဝင်တဲ့ သစ်သီးများ စားသုံးပေးပါ။

၂။ ဆေးလိပ်ဖြတ်ပါ

Photo Source: www.donamix.com

ဆေးလိပ်သောက်ခြင်းက အမြင်အာရုံကိုထိခိုက်နိုင်ပြီး မျက်စိတိမ်စွဲခြင်းရောဂါ ခံစားရဖို့အတွက် အခွင့်အလမ်းပိုများပါတယ်။

၃။ နေကာမျက်မှန်ဝတ်ဆင်ပါ

Photo Source: eyeluxoptometry.com

နူးညံ့တဲ့မျက်လုံးလေးကို ခရမ်းလွန်ရောင်ခြည်မှကာကွယ်ပေးဖို့ ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းခန့်ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်များ ရွေးချယ်တပ်ဆင်ပါ။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများတဲ့အခါ မျက်စိကြွက်သားများ အားနည်းသွားပြီး မျက်စိတိမ်စွဲခြင်း ရောဂါကို ခံစားရနိုင်ပါတယ်။

၄။ ကွန်ပျူတာနဲ့ ဖုန်းစခရင်မ်တွေကို အကြာကြီး ကြည့်ခြင်းမှ ရှောင်ကြဉ်ပါ

Photo Source: www.enolalabs.com

ကွန်ပျူတာနဲ့ ဖုန်းစခရင်မ်ကို အကြာကြီး ကြည့်တဲ့အခါ မျက်စိညောင်းညာခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အဝေးမှအရာများကို မမြင်ရတော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ နောက်ကြောထိုးခြင်း၊ ပုခုံးအောင့်ခြင်းနဲ့ မျက်စိအတွင်းရှိအရည်များခမ်းခြောက်ခြင်းတို့ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရသူများအဖို့ ၂ နာရီကြာတိုင်းမှာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အနားယူပါ။

၅။ မျက်စိဆရာဝန်နဲ့ ပုံမှန်ပြသပြီး စမ်းသပ်မှုခံယူပါ

Photo Source: www.visioncaredoctor.com

မိမိက မျက်မှန်မတပ်ရဘူးဆိုရင်တောင် မျက်စိဆရာဝန်နဲ့ ပုံမှန်စမ်းသပ်မှုခံယူသင့်ပါတယ်။ မိမိက အဝေးမှုန်လား၊ အနီးမှုန်လား၊ မျက်စိဆုံချက်တွေ ညီရဲ့လား၊ မျက်စိကောင်းကောင်းအလုပ်လုပ်ရဲ့လားဆိုတာကို သေချာစမ်းသပ်ဖို့လိုအပ်ပါတယ်။ ဖြစ်လာမှ ကုသခြင်းထက်စာရင် ကြိုတင် ကာကွယ်ခြင်းက ပိုကောင်းတယ် မဟုတ်လား။