လူတိုင်းလူတိုင်းဟာ နေထိုင်နေသမျှ ဘဝတစ်လျှောက်လုံးမှာ တခါတလေတော့ မျက်စိယားယံတတ်ကြပါတယ်။ မျက်စိဘာလို့ယားရတာလဲဆိုတော့ တစုံတခုနဲ့ဓာတ်မတည့်ခြင်း၊ ရောင်ရမ်းခြင်းနှင့် မသက်မသာဖြစ်ခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်ပါပဲ။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်နေပါစေ သက်သာရာရစေဖို့ကအဓိကဖြစ်တဲ့အတွက် အလွယ်တကူနဲ့ ရိုးရိုးရှင်းရှင်းပစ္စည်းလေးတွေကို အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ရေအေးကပ်ခြင်း

အအေးခံထားတဲ့ ဇွန်းကိုမျက်လုံးကပ်ပေးခြင်း၊ ရေခဲထုပ်ထားတဲ့အဝတ်ကိုကပ်ပေးခြင်းတို့က မျက်လုံးသွေးကြောတွေကို တင်းရင်းစေလို့ နီရဲရောင်ရမ်းပြီး နာကျင်ဝေဒနာများကို သက်သာစေပါတယ်။

ရေခဲရေအတွင်း ဇွန်းနှစ်ချောင်းကို နှစ်လိုက်ပြီးဇွန်းနောက်ကျောဖက်ကို မျက်လုံးတစ်ဖက်တစ်ချက်စီတွင် မိနစ်အနည်းငယ်ကြာအောင်ထားရှိပေးပါ။ တနေ့လျှင်သုံးကြိမ်မှန်မှန်လုပ်ပေးရန်လိုအပ်ပါတယ်။

နို့အေးအသုံးပြုခြင်း

မျက်စိယားယံတာတွေအတွက် နို့အေးကလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ အအေးခံထားတဲ့နို့ထဲကို ဂွမ်းလုံးနှစ်ပေးပြီး မျက်လုံးတဝိုက်မှာ ဖြည်းဖြည်းချင်းပုတ်ပေးပါ။ မျက်ခွံအပေါ်မှာလည်း ၁၅ မိနစ်မှ မိနစ် ၂၀ အထိထားပေးနိုင်ပါတယ်။ တနေ့ကို နှစ်ကြိမ်မှသုံးကြိမ်လုပ်ဆောင်ပေးပါ။

အအေးခံထားသည့် လက်ဖက်ရည်အိတ်များ

နီရဲရောင်ရမ်းတဲ့မျက်လုံးတွေအတွက် လက်ဖက်ရည်အိတ်များကိုအသုံးပြုပေးနိုင်ပါတယ်။ လက်ဖက်ရည်အိတ်များကို ရေအေးနှင့်စိုအောင်လုပ်ပြီး ရေခဲသေတ္တာအတွင်း ၅ မိနစ်မှ ၁၀ မိနစ်အထိ အအေးခံပါ။ ပြီးလျှင် ၁၀ မိနစ်လောက်ကြာအောင် မျက်လုံးပေါ်တင်ထားပြီး တနေ့လျှင် နှစ်ကြိမ်မှသုံးကြိမ်လုပ်ဆောင်ပေးပါ။

အေးမြသည့်သခွားသီးများ

ရေဓာတ်အလွန်များပြီး antioxidants အလွန်ပါဝင်လို့ နီရမ်းဖောရောင်ခြင်းကို လျော့ကျစေပါတယ်။ သခွားသီးကိုအခြမ်းပါးပါးလေးတွေလှီးပြီး ရေခဲသေတ္တာအတွင်း ၁၅ မိနစ်မျှ အအေးခံပါ။ မျက်လုံးတဖက်တချက်စီပေါ် ၁၀ မိနစ်ကြာကပ်ထားပေးပါ။ တနေ့လျှင် လေးကြိမ်မှ ငါးကြိမ်အထိ လုပ်ဆောင်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

အသားအရေ၊ ဆံပင်တို့အတွက် အလွန်အသုံးဝင်ရုံသာမက မျက်လုံးယားယံခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အနှစ်အတွင်း ဂွမ်းလုံးများကိုနှစ်ပြီး မျက်လုံးအပေါ်သုတ်လိမ်းပေးပါ။ မိနစ်နှစ်ဆယ်ကြာပြီးနောက် ရေနှင့်ဆေးချပေးပါ။ တနေ့နှစ်ကြိမ်မှန်မှန်လုပ်ဆောင်ပေးနိုင်ပါတယ်။

Credits : Health and Beauty Archives – Fab How