ကလေးတွေမှာ ကြို့ထိုးတာက ပုံမှန်လိုဖြစ်နေပြီး လူကြီးများထက် ကလေးတွေဟာ ပို၍ကြို့ထိုးတတ်ကြလို့ သူတို့ကိုတစ်ခုခုကျွေးပြီးတဲ့အခါ၊ အကြောင်းအရင်းမရှိဘဲ ကြို့ထိုးပြီဆိုရင် ကယောက်ကယက်ဖြစ်မသွားပါနဲ့။ အချို့အခြေအနေတွေမှာ ကြို့ထိုးတာက သူ့အလိုလိုပျောက်ကင်းသွားပေမယ့်လည်း မြန်မြန်ပျောက်ကင်းစေချင်ရင်တော့ ယခုဖော်ပြမယ့်နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

၁။ အစာတစ်ခုခုကျွေးပါ

မိခင်နို့နည်းနည်းစီကျွေးပြီး ဘက်ပြောင်းတိုက်တဲ့အခါမှာ လေတက်အောင်ပြုလုပ်ပေးပါ။ နို့တိုက်တဲ့အခါမှာလည်း ကလေးကနို့ချိုကို သေချာသောက်နေရဲ့လားဆိုတာစစ်ဆေးပါ။ မဟုတ်ပါက လေကိုမျိုချတာများသွားပြီး ကြို့ထိုးတာကို ပိုဆိုးသွားစေနိုင်ပါတယ်။

၂။ လေတက်အောင်ပြုလုပ်ပေးပါ

နို့စို့တဲ့အချိန်မှာဖြစ်ဖြစ် လေကိုပိုပြီးမျိုချမိတဲ့အခါမှာ ကြို့ထိုးတာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ပခုံးပေါ်မှာတင်ပြီး ကျောဖက်ကိုဖြည်းဖြည်းချင်းပုတ်ပေးပါ။

၃။ ချိုလိမ်ပေးထားပါ

ချိုလိမ်က ကလေးတွေရဲ့ ရင်ဝမ်းခြားကြွက်သားကို ပြေလျော့စေလို့ သူတို့လေးတွေရဲ့ အသက်ရှုမှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ချိုလိမ်ပေါ်သကြားနည်းနည်းလေးကို ဖြူးပေးပြီး ကလေးကိုပေးထားပါ။

၄။ နောက်ကျောကိုပုတ်ပေးပါ

ကလေးကိုကျောပေါ်တင်ပြီး နောက်ကျောဖက်ကိုပုတ်ပေးခြင်းကလည်း ကြို့ထိုးတာကိုသက်သာစေသလို ပေါင်ပေါ်မှာကလေးကိုဝဲလျားမှောက်ထားပြီး ဖြည်းဖြည်းချင်းစီ နှိပ်ပေးနိုင်ပါတယ်။

၅။ အာရုံပြောင်းစေပါ

အကယ်၍သင့်ကလေးငယ်ဟာ ကြို့ထိုးလို့ စိတ်အနှောင့်အယှက်ဖြစ်နေရရင်တော့ သူတို့ကိုစိတ်အာရုံပြောင်းအောင်လုပ်ပေးပါ။ ကစားစရာများနဲ့ပဲဖြစ်စေ၊ ချိုလိမ်လေးနဲ့ပဲဖြစ်စေ စိတ်ပြောင်းသွားအောင်လုပ်ပေးနိုင်ပေမယ့်လည်း မလှန့်မိပါစေနဲ့။