အချိန်ပြည့် စားပွဲခုံတွင် မလှုပ်ရှားတမ်းထိုင်၍ အလုပ်လုပ်နေရသူများတွင် ပုခုံးနာကျင်မှုဝေဒနာအဖြစ်များတတ်ပါတယ်။ အကယ်၍ ပုခုံးနာကျင်မှုကိုခံစားနေရပါက လွတ်လပ်စွာလှုပ်ရှားနိုင်မှုကို အဟန့်အတားဖြစ်လာစေပြီး သက်သာရန်အတွက်လည်း အတော်အချိန်ယူရပါတယ်။ ထို့အတွက် ထိုနာကျင်မှုဝေဒနာကို ပျောက်ကင်းသက်သာစေရန်လုပ်ဆောင်နိုင်မည့် လွယ်ကူသက်သာနည်းလမ်းကောင်းလေးများကို မျှဝေပေးလိုက်ရပါတယ်။

၁။ အအေးကပ်ခြင်း

ပုခုံးဝေဒနာခံစားနေရသည့် နေရာတဝိုက်ကို ရေခဲကပ်ပေးခြင်းသည် ခံစားနေရသည့်နာကျင်မှုများကို ထုံထိုင်းစေမှာဖြစ်သလို ရောင်ရမ်းမှုကိုလည်းလျော့ကျစေမှာဖြစ်ပါတယ်။ ပုဝါပါးပါးအတွင်းရေခဲတုံးလေးများထည့်ကာ နာကျင်သည့်နေရာ၌ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်ကို စလုပ်သည့်နေ့တွင် နှစ်နာရီခြားတစ်ခါလုပ်ဆောင်ပေးနိုင်ပါတယ်။

၂။ အပူရောဂါကုထုံး

ဝေဒနာခံစားနေရသည့် နေရာတဝိုက်ရှိသွေးလည်ပတ်နှုန်းကို တိုးမြှင့်ပေးသည့်အတွက် တောင့်တင်းနာကျင်မှုကို သက်သာစေမှာဖြစ်ပါတယ်။ ရေနွေးထည့်သွင်းထားသည့် ရေနွေးအိတ်ကို နာကျင်နေသည့်ဝန်းကျင်တဝိုက်အပေါ် ၁၀ မိနစ်မှ ၁၅ မိနစ်ထားရှိပေးနိုင်ပါတယ်။

၃။ ပင့်တင်ပေးခြင်း

ဝေဒနာခံစားနေရသည့်ပုခုံးအောက်တွင် ခေါင်းအုံခံ၍ ပင့်တင်ထားပေးခြင်းသည် နာကျင်သောနေရာတဝိုက်သို့ သွေးစီးဆင်းမှုကောင်းမွန်စေကာ သက်သာမှုရရှိစေမှာဖြစ်ပါတယ်။

၄။ ဖိနှိပ်နယ်ပေးခြင်း

ဖြည်းညှင်းညှင်သာစွာ ဖိနှိပ်နယ်ပေးခြင်းသည် တင်းရင်းကြပ်ခဲနေသောပုခုံးကြွက်သားများကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကောင်းမွန်လာစေသောကြောင့် နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။ တင်းမာနေသောကြွက်သားများကို ပြေလျော့သွားစေရန် ဦးစွာအနေဖြင့် ၁၀ မိနစ်ခန့် ရေချိုးပြီးနောက် သံလွင်ဆီ သို့မဟုတ် အုန်းဆီတို့အား နာကျင်နေသောနေရာတဝိုက်လိမ်းကျံပေးပါ။ ထို့နောက်မှာ နောက်ကျောဖက်တစ်လျှောက် လက်ကိုဖိနှိပ်ပေးသွားပြီး နာရီဝက်ကြာမျှ အနွေးဓာတ်ရှိသည့်ပုဝါကို နာကျင်သည့်ပုခုံးပေါ်တွင် တင်ထားပေးပါ။

၅။ အကြောဆန့်ပေးခြင်း

တည့်တည့်ထိုင်၍ လက်အပေါ်သို့မြှောက်သည့်ပုံစံအနေအထားကို ၅ စက္ကန့်နှင့်အထက်ထားပေးပါ။ ထို့နောက်ပုခုံးအရင်းကို ၅ စက္ကန့်ကြာအောင်ညစ်ပေးပါ။ ပြီးလျှင် ပုခုံးအရင်းကို အောက်ဖက်သို့တွန်းပေးပြီး ၅ စက္ကန့်ခန့်ထားပေးပါ။ ဖော်ပြပါလေ့ကျင့်ခန်းအားလုံးကို ၁၀ မိနစ်ကြာ၊ တနေ့လျှင် ၃ ကြိမ်မှ လေးကြိမ်အထိလုပ်ပေးပါက ပုခုံးနာကျင်မှုသက်သာလာစေနိုင်ပါတယ်။