လက်သည်းရဲ့ အလှပဟာလည်း အမျိုးသမီးတို့အတွက် အရေးပါတဲ့ အလှပတစ်ခုဖြစ်ပါတယ်။ လက်သည်းတွေ မကြာခဏကျိုးလို့၊ လက်သည်းမကြာခဏ ပဲ့နေတတ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် မိမိအိမ်မှာ လက်သည်းကို အလွယ်တကူ ဂရုစိုက်လို့ရမယ့် နည်းလမ်းတွေကိုမျှဝေပေးချင်ပါတယ်။

၁။ လက်သည်းအရမ်းရှည်လာရင် ညှပ်လိုက်ပါ

လက်သည်းအရမ်းရှည်ရှည်ထားတာဟာ သင့်အတွက်မကောင်းပါဘူး။ ဒါ့ကြောင့် လက်သည်းအရမ်းအရှည်မထားဘဲ ပုံမှန်လေး ညှပ်ပေးရပါမယ်။ ညှပ်တဲ့အခါမှာလည်း လက်သည်းကို ပုံကျအောင် ပြန်ပြီး တိုက်စားပေးဖို့လိုအပ်ပါတယ်။

၂။ လက်သည်းကို သန့်ရှင်းပါ

လက်သည်းနားမှာကပ်ညှိနေတဲ့အညစ်အကြေးတွေ၊ အစွန်းအထင်းတွေကို ဖယ်ရှားရပါမယ်။

အဲဒီအတွက် သံပုရာသီး (သို့) သံပုယိုသီးကိုအသုံးပြုပေးနိုင်ပါတယ်။ သံပုရာသီးကိုလက်သည်းနဲ့ ဒီအတိုင်းပွတ်ပေးလို့လည်းရသလို၊ သံပုရာရည်ကို ခွက်တစ်လုံးထဲညှစ်ထည့်ပြီး လက်သည်းကို စိမ်ပေးထားလို့ရပါတယ်။ ပြီးရင် ၃ မိနစ် (သို့) ၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၃။ သံလွင်ဆီသုံးမယ်

သံလွင်ဆီကို အပူပေးလိုက်ပါ။ပြီးရင် နည်းနည်းအအေးခံပြီး လက်သည်းကို ၁၅ မိနစ်လောက်စိမ်ထားပေးပါ။ လက်သည်းပြန်ပြီး စိုပြေစေဖို့ဖြစ်ပါတယ်။ တစ်ရက်ခြားတစ်ခါ လုပ်ပေးနိုင်ပါတယ်။