ဓာတုပစ္စည်းတွေပါမှာစိုးလို့ ရယ်ဒီမိတ် Waxing တွေနဲ့ မလုပ်ရဲဘူး။ ဆိုင်မှာသွားလုပ်ရင်လည်း ကုန်ကျစရိတ်နှမြောပါတယ်ဆိုတဲ့  MyHealth Myanmar ပရိတ်သတ်တို့အတွက် အိမ်မှာတင် လွယ်လွယ်ကူကူနဲ့ Waxing လုပ်နိုင်မယ့် နည်းလမ်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

ကြိုတင်ပြင်ဆင်ပုံ

Waxing မလုပ်ခင် ကြိုတင်ပြင်ဆင်ရမယ့်အချက်လေးတွေရှိပါတယ်နော်။ အဲ့လို ကြိုတင်ပြင်ဆင်ထားမှ Waxing လုပ်တဲ့အခါ နာကျင်မှု လျော့နည်းစေမှာပါ။ ပထမဆုံး ချိုင်းကို သေသေချာချာဆေးထားဖို့ လိုပါတယ်။ ဆပ်ပြာ (သို့) ရေချိုးဆပ်ပြာကိုသုံးလို့ရပါတယ်။ ရေနွေးလေးနဲ့ ဆေးပေးမယ်ဆိုရင်တော့ ချိုင်းမွှေးနဲ့ ချိုင်းနားနေရာတွေကို နူးညံ့စေမှာမို့ အမွှေးတွေကို Waxing လုပ်ရတာ ပိုလွယ်ပါလိမ့်မယ်။

အမွှေးတွေကို ညှပ်ပစ်ပါ
အမွှေးအရှည်ကြီးတွေကို Waxing လုပ်ရင် နာတတ်ပါတယ်။ ဒါကြောင့် ကတ်ကြေးလေးနဲ့ နည်းနည်းတိုအောင်ညှပ်ပေးပါ။ နာတာသက်သာစေပါလိမ့်မယ်။

Waxing လုပ်တော့မယ်ဆို တဘက်လေးပတ်ပါ သို့ ရေချိုးခါနီး ထဘီရင်လျားပြီးလုပ်ပါ သို့ အင်္ကျီအစုတ်လေးဝတ်ပါ။ နို့မဟုတ်ရင် ဘေးဘီတွေ ပေကျံပြီး အင်္ကျီအကောင်းဆို ပေသွားစွန်းသွားတာမျိုးဖြစ်မှာစိုးလို့ပါ။

ပြီးရင် ပေါင်ဒါမှုန့်လေးနဲ့ ချိုင်းကို ပွတ်ပေးပါ။ (ခုမှ ပထမဆုံး Waxing စလုပ်ဖူးတာဆိုရင် လက်မှာအရင်စမ်းလုပ်ကြည့်ပါ)

Waxing ပြုလုပ်နည်း

ကော်ဖီခွက်တစ်ခွက်ကိုယူပါ
အဲ့ကော်ဖီခွက်လေးကိုစံအတိုင်းထားပြီး အောက်ပါအတိုင်း ပါဝင်ပစ္စည်းတွေကို ရောစပ်ပါ။
သကြား – (၂) ခွက်
ရေ – ခွက်ရဲ့ လေးပုံတစ်ပုံ
သံပုရာရည် – ခွက်ရဲ့ လေးပုံတစ်ပုံ

အပေါ်က သုံးမျိုးကိုရောပြီး သကြားတွေအရည်ပျော်ပြီး စေးပျစ်ပျစ်လေးဖြစ်လာတဲ့အထိ မီးဖိုပေါ်မှာ အပူပေးပါ။ စေးလာပြီဆိုရင် မီးဖိုပေါ်က ချလို့ရပါပြီ။ ပြီးရင် ပုလင်းပုသန့်သန့်တစ်လုံးထဲ လောင်းထည့်ပါ။ နည်းနည်းလေးအေးတော့မှ တုတ်ချောင်းပြားလေးတစ်ချောင်းနဲ့ (ယိုကော်တဲ့ဓားလေးလည်း သုံးလို့ရပါတယ်) ကော်ပြီး ချိုင်းမှာ သုတ်ပေးပါ။ သုတ်လိမ်းတဲ့အခါမှာ ချိုင်းမွှေးပေါက်တဲ့လားရာအတိုင်း (အပေါ်ဘက်) သုတ်လိမ်းပါ။ လားရာတစ်ခုတည်းကိုပဲ လိမ်းပါနော်။

ကပ်ခွာလုပ်ဖို့အတွက် ချည်ပိတ်စ သန့်သန့်လေးကို အသုံးပြုလို့ရပါတယ်။
ခုနက Wax လိမ်းထားတဲ့အပေါ်ကနေကပ်ပေးပါ။ အစွန်းပိုင်းလေးကို အလွတ်ထားထားပါ။ ဒါမှ အလွယ်တကူ ခွာလို့ရမှာဖြစ်ပါတယ်။ ကပ်လို့ပြီးသွားရင် အမွှေးပေါက်တဲ့လားရာ ဆန့်ကျင်ဘက်ကို ဖျတ်ခနဲ ခွာပေးပါ။ အမွှေးတွေကျန်နေသေးရင် ခုနက နည်းလမ်းအတိုင်း အဝတ်စအသစ်နဲ့ ပြန်လုပ်ပါ။ ပြီးရင် သံလွင်ဆီလေးနဲ့ ကျန်နေသေးတဲ့ Waxing တွေကို သုတ်ပေးပါ။ နာကျင်မှုကို သက်သာစေပါတယ်။ ပြီးရင် ရေနွေးလေးနဲ့ ဆပ်ပြာလေးနဲ့ ဆေးပေးပါ။ ကဲဒါဆိုရင်တော့ Waxing လုပ်လို့ပြီးပါပြီ။

သတိထားရမှာတစ်ခုက Waxing လုပ်ပြီးရင် တစ်ရက်လောက် Roll onဘူးတွေကို မသုံးတာအကောင်းဆုံးပါပဲ။ ပြီးတော့ လိုးရှင်းတွေ Moisturizerတွေလည်း မလိမ်းပါနဲ့ဦးနော်။

တစ်နေ့ထက်တစ်နေ့ ပိုလှလာနိုင်ကြပါစေနော်…