ချာချာလည်ပြီး မူးနောက်တယ်ဆိုတာဟာ လူတိုင်းလူတိုင်း ကြုံရတတ်တဲ့ဖြစ်စဉ်တစ်ခုပါ။ သိပ်မပြင်းတဲ့ခေါင်းကိုက်မှု၊ ဟန်ချက်မညီတဲ့ ခံစားမှုတွေက မူးမေ့လဲမှုကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ မူးဝေတယ်ဆိုတာက ရောဂါတစ်ခုရယ်လို့တော့မဆိုနိုင်ပေမယ့် သွေးပေါင်ချိန်ကျခြင်း၊ နှလုံးကြွက်သား ရောဂါ၊ သွေးအားနည်းရောဂါ၊ ဓာတ်မတည့်ခြင်း၊ နှလုံးအမောဖောက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်း စတဲ့ရောဂါတွေရဲ့ လက္ခဏာတစ်ရပ်ပါပဲ။

ဒါ့ကြောင့် မူးဝေမှုကနေပြီး အခြားပြဿနာတွေဖြစ်လာကာ ကိုယ့်ရဲ့တနေ့တာကို အနှောင့်အယှက်ဖြစ်မလာရအောင် သိထားအပ်တဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အသက်ပြင်းပြင်းရှူပါ

မူးဝေမှုကိုသက်သာဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ အသက်ပြင်းပြင်းရှူဖို့ပါပဲ။ သင့်တင့်လုံလောက်တဲ့ အောက်စီဂျင်ပမာဏက ဦးနှောက်ကို ထောက်ပံ့ပေးနိုင်လို့ ရီဝေေ၀ဖြစ်ခြင်းကို သက်သာစေပါတယ်။

၂။ ရေသောက်ပါ

ရေဓာတ်ကုန်ခမ်းခြင်းကလည်း မူးဝေမှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်လို့ မူးနောက်နောက်ဖြစ်လာပြီဆိုသည်နှင့် ရေတစ်ခွက်ကိုသောက်ကြည့်ပါ။ ကိုယ်ခန္ဓာမှာ ရေဓာတ်အပြည့်ရှိစေဖို့ တနေ့လုံးမှာ ရေလုံလုံလောက်လောက်သောက်သုံးပေးပါ။

၃။ တစ်ခုခုစားပေးပါ

မူးနောက်တာဖြစ်ရခြင်းဟာ သွေးပေါင်ချိန်ကျတဲ့အခါမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် ဆာလောင်မွတ်သိပ်ခြင်းကလည်း မူးဝေမှုကိုဖြစ်စေနိုင်လို့ ရီဝေေ၀ဖြစ်လာပြီဆိုရင် တစ်ခုခုစားပေးပါ။ အချိန်အကြာကြီးလည်း အစာမစားပဲမနေပါနဲ့။

၄။ ဂျင်း

မူးဝေတာကို သက်သာစေဖို့အတွက် ဂျင်းပါးပါးလေးတစ်ချပ်ကိုလည်း မြုံပေးထားနိုင်ပါတယ်။ ဒါ့အပြင် တနေ့လျှင် အကြိမ်အနည်းငယ်စီ ဂျင်းရေနွေးကြမ်းကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

၅။ သံပုယိုသီး

သံပုယိုသီးတွင်ပါဝင်တဲ့ ဗီတာမင်စီက သင့်ကိုလန်းဆန်းစေနိုင်လို့ သံပုယိုသီးတစ်ခြမ်းကို ရေတစ်ခွက်ထဲညှစ်ကာ သကြားနှစ်ဇွန်းနဲ့ရောသောက်ပေးပါက မူးနောက်နောက်ဖြစ်တာကို သက်သာစေနိုင်ပါတယ်။

၆။ ပျားရည်

ပျားရည်တွင်ပါဝင်တဲ့အချိုဓာတ်က ကိုယ်ခန္ဓာကိုသွက်လက်မှုပေးစွမ်းနိုင်လို့ ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ပန်းသီးရှာလကာရည် ၂ ဇွန်းနဲ့ ရေအေး သို့မဟုတ် ရေနွေးတစ်ခွက်ထဲရောထည့်ပြီး တနေ့လျှင် နှစ်ကြိမ်သောက်သုံးပေးနိုင်ပါတယ်။