အအေးမိလို့ပဲဖြစ်ဖြစ် အပူရှပ်ပြီးနှာစေးတာပဲဖြစ်ဖြစ် နှာခေါင်းပိတ်ပြီဆိုရင်တော့ စိတ်ညစ်စရာပါပဲ။အထူးသဖြင့် ဘာစားစား ရော်ဘာတုံးကြီး ဝါးနေရသလို ခံစားနေရတာကတော့ အဆိုးရွားဆုံးပါပဲ။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့အမြန်သက်သာရအောင် နည်းလမ်းလေးတွေကို လက်လှမ်းမှီသလောက်တင်ပြပေးလိုက်ပါတယ်။
၁။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ က နှာခေါင်းပိတ်တာအတွက် အထူးဆေးဖက်ဝင်ပါတယ်။ ကြက်သွန်ဖြူ ကို အစိမ်းလိုက် ဝါးစားပြီးဖြစ်ဖြစ်၊ ကြိတ်ပြီး ရေနွေးထဲထည့်သောက်ရင်ဖြစ်ဖြစ် နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။
၂။ ပန်းသီးရှာလကာ
ပန်းသီးရှာလကာရည်ကို ရေနဲ့ရောသောက်ပေးပါ။ သို့မဟုတ် ပန်းသီးရှာလကာရည် ၂ဇွန်း၊ ပျားရည်တစ်ဇွန်းကို ရေနွေးတစ်ခွက်ထဲထည့်ပြီးရောသောက်ပါ။
၃။ ပင်စိမ်းရွက်
မနက်စာမစားခင် သို့မဟုတ် ညအိပ်ယာဝင်ခါနီးမှာ ပင်စိမ်းရွက် ၂ရွက် ၃ရွက်လောက်ကို ဝါးစားပေးပါ။
၄။ ချင်း
နှာခေါင်းပိတ်နေရင် ပျားရည်နဲ့ သံပုယိုသီးထည့်ဖျော်ထားတဲ့ ချင်းလက်ဖက်ရည်ကိုသောက်ပေးပါ။ ချင်းကိုရိုးရိုးကြိတ်ပြီး ရေနွေးနွေးလေးနဲ့ရောသောက်ပေးပါ။
၅။ ပျားရည်
ရေခပ်နွေးနွေးထဲကို ပျားရည်နှစ်ဇွန်းထည့်ပြီး နှာခေါင်းပိတ်တာသက်သာတဲ့ အထိ မနက်ခင်းတိုင်းသောက်ပေးပါ။
၆။ သံပုယိုသီး
သံပုယိုရည် ၂ဇွန်း၊ ငရုတ်ကောင်းမှုန့် ဇွန်းရဲ့၄ပုံတစ်ပုံ နဲ့ ဆားအနည်းငယ် အားလုံးရောပြီး နှာခေါင်းပေါ်လိမ်းပေးပါ။
၇။ မုန်ညင်းဆီ
မုန်ညင်းဆီ ၁စက် ၂စက်ကိုနှာခေါင်းထဲထည့်ပေးပါ။ နှာခေါင်းပိတ်တာ သက်သာသွားပါလိမ့်မယ်။
၈။ ပဲနံ့သာစေ့
ပဲနံ့သာစေ့ကို ရေတစ်ခွက်ထဲဆူအောင်ထားပြီး ခပ်နွေးနွေးအခြေအနေရောက်ရင်သောက်ပေးပါ။ တစ်နေ့ ၂ကြိမ် ၃ကြိမ်သောက်ပေးခြင်းဖြင့် အမြန်သက်သာစေပါတယ်။
၉။ အစပ်အစားအစာ
ခပ်စပ်စပ် အရသာရှိတဲ့ အစားအစာတွေ ပိုစားပေးပါ။ အထူးသဖြင့် ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ချင်း ပါဝင်မှုများတဲ့ အစားအစာတွေ စားပေးခြင်းဖြင့် နှာလမ်းကြောင်းမှာရှိတဲ့ အချွဲတွေကို ချောချောချူ ချူ စီးစေတာမို့ နှာခေါင်းပိတ်တာ သက်သာစေပါတယ်။
၁၀။ စွပ်ပြုတ်ပူပူလေး
စွပ်ပြုတ်ပူပူလေးသောက်ပေးခြင်းက နှာခေါင်းပိတ်ခြင်းကို သက်သာစေပါတယ်။ ဟင်းသီးဟင်းရွက်စွပ်ပြုတ်သောက်ပေးလို့လည်းရပါတယ်။
၁၁။ ရှာလကာရည်
ရှာလကာရည် အနည်းငယ်ကို ဆူအောင်တည်ပြီး အငွေ့ကို ရှူ ပေးပါ။ နှာခေါင်းပိတ်တာ သိသိသာသာကြီး သက်သာသွားပါလိမ့်မယ်။
၁၂။ ကြက်သွန်နီ
ကြက်သွန်နီကို အခွံနွှာ၊ ထက်ခြမ်းခြမ်းပြီး ၄မိနစ် ၅မိနစ်လောက် ရှူ ပေးလိုက်ပါ။ နှာခေါင်းရှင်းသွားစေရမယ်။
၁၃။ ငရုတ်ကောင်း
ငရုတ်ကောင်းကတော့ ရှေးတိုင်းရင်းဆေးနည်းမှာကတည်းက အသုံးပြုလာကြတဲ့ ဆေးကာင်းတစ်ခုပါ။ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းကို ခွက်တစ်ခွက်ထဲရောထည့်ပြီး ဆူနေတဲ့ရေနွေးကို လောင်းထည့်ပါ။ ၁၅မိနစ်လောက်ထားပြီးမှ မွှေသောက်ပါ။
အခုဆိုရင် နှာခေါင်းပိတ်တာနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာမလိုတော့အောင် ဆေးနည်းတွေသိရပြီဆိုတော့ လွယ်လွယ်ကူကူ အသုံးချပြီး သက်သာပျောက်ကင်းကြပါစေ။