အသက်ရှူရခက်ခဲသည့် အဆုတ်ဆိုင်ရာရောဂါတစ်မျိုးဖြစ်ပြီး တချို့သူများတွင် ခဏာသာဖြစ်တတ်သော်လည်း အချို့သောသူများအတွက်တော့ ရေရှည်ခံစားရပါတယ်။ အဆုတ်အတွင်းသို့ ရောက်ရှိသွားသည့်လေတွင် တခုခုပိတ်ဆို့စရာပါသွားသည့်အခါတွင် ပန်းနာရင်ကြပ် ဖြစ်ပေါ်လာနိုင် ပါတယ်။

ဘာကြောင့်ဖြစ်ရသလဲဆိုတာကို အတိအကျမသိနိုင်သေးသော်လည်း ဓာတ်မတည့်မှုများ၊ လေထုညစ်ညမ်းမှုများ၊ စိတ်ခံစားချက်များ၊ ရာသီဥတုအခြေအနေများ၊ အစားအစာတွင်ဆာလဖိုက်ပါဝင်ခြင်းနှင့် ဆေးများနှင့်မတည့်ခြင်း စသည့်အခြေအနေများတွင် ပန်းနာရင်ကြပ် ဖြစ်ပွားလာနိုင်ပါတယ်။ ပုံမှန်လက္ခဏာရပ်များမှာ ချောင်းဆိုးခြင်း၊ ချွဲသံနှင့်ချောင်းဆိုးခြင်း၊ အသက်ရှူရကြပ်ခြင်းနှင့် ရင်ဘတ်တင်းလာခြင်းတို့ပဲ ဖြစ်ပါတယ်။

ပန်းနာရင်ကြပ်ကို ကုသဖို့ ဆေးဝါးမျိုးစုံပေါ်ပေါက်နေသော်ငြားလည်း အချို့သောသဘာ၀ အိမ်တွင်းနည်းလမ်းများကလည်း ရောဂါဝေဒနာ ခံစားရခြင်းမှ သက်သာစေရန်ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကြပ်ရောဂါကို သက်သာစေမည့်နည်းလမ်းကောင်းလေးများကို ပြန်လည်မျှဝေ ပေးလိုက်ရပါတယ်။

၁။ ဂျင်း

ဂျင်းကိုအစိတ်အသေးလေးများလှီးကာ ရေပွက်ပွက်ဆူနေသော အိုးထဲတွင်ထည့်ပေးပါ။ ငါးမိနစ်ခန့်နှပ်ပေးပြီး အေးသွားသည့်အခါမှာ သောက်သုံးပေးနိုင်ပါတယ်။

နောက်တနည်းအနေနှင့် ဂျင်းရည်၊ တလည်းသီးအရည်၊ ပျားရည်တို့ကို အချိုးအစားညီမျှစွာ ပေါင်းစပ်ပြီး တစ်ဇွန်းကို တနေ့လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်အထိ သောက်သုံးပေးပါ။

ဂျင်းအစိမ်းကိုလည်း ဆားနှင့်ရောပြီး စားသုံးပေးနိုင်ပါသေးတယ်။

၂။ မုန်ညင်းဆီ

ပန်းနာရင်ကြပ်ရောဂါခံစားရပြီဆိုရင် မုန်ညင်းဆီနှင့်နှိပ်နယ်ပေးခြင်းက အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေကာ ပုံမှန်အတိုင်း အသက်ပြန်ရှူနိုင်အောင် ကူညီပေးပါတယ်။

မုန်ညင်းဆီအချို့ကို ပရုပ်အနည်းငယ်နှင့်အပူပေးပါ။ ခွက်တစ်လုံးထဲပြောင်းထည့်ပြီး အနည်းငယ်နွေးသွားသည့်အခါ ရင်ဘတ်နှင့် နောက်ကျောအပေါ်ပိုင်းတို့ကို ဖြည်းဖြည်းချင်းသပ်ပြီး နှိပ်နယ်ပေးပါ။

၃။ သဖန်းသီး

သဖန်းသီးခြောက်သုံးလုံးကိုရေဆေးပြီး ခွက်တစ်ခုထဲတွင် တစ်ညရေစိမ်ထားပါ။ မနက်ရောက်သည့်အခါ မည်သည့်အစာမျှမစားခင် စိမ်ထားသည့်သဖန်းသီးခြောက်များကို စားပေးပြီး အရည်ကို သောက်သုံးပေးပါ။

လအနည်းငယ်ကြာသည်အထိ ဆက်လက်လုပ်ဆောင်ပေးပါ။

၄။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူနှစ်စိတ် သို့မဟုတ် သုံးစိတ်ကို နွားနို့အနည်းငယ်ထဲထည့်ကျိုပါ။ အခန်းအပူချိန်မှာ အအေးခံပြီး သောက်သုံးပေးပါ။

၅။ ကော်ဖီ

ကော်ဖီပူပူတစ်ခွက်က အသက်ရှူရလွယ်ကူစေရန်အတွက် လေဝင်အသက်ရှူလမ်းကြာင်းကို ရှင်းလင်းပေးပါတယ်။ ကော်ဖီပြင်းလေး ရလဒ်ပိုကောင်းလေဖြစ်သော်ငြားလည်း တနေ့ကို သုံးခွက်ထက်ပိုမသောက်ဖို့တော့ အကြံပေးချင်ပါတယ်။ ကော်ဖီမကြိုက်သူများအတွက်လည်း လက်ဖက်ရည်ကြမ်းတစ်ခွက်ကို သောက်သုံးပေးနိုင်ပါတယ်။

၆။ ယူကလစ်အဆီ

ယူကလစ်အဆီ အစက်အနည်းငယ်ကို စက္ကူပုဝါပေါ်တွင်တင်ကာ အိပ်စက်ချိန် ခေါင်းပေါ်တင်ထားပေးခြင်းက ထိုအဆီရဲ့မွှေးရနံ့ကို ရှူရှိုက်မိမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ယူကလစ်အဆီနှစ်စက်၊ သုံးစက်ကို ရေဆူနေသောအိုးထဲတွင်ထည့်ပြီး အခိုးငွေ့ကိုရှူပေးပါ။ ပိုမိုကောင်းမွန်သောရလဒ်များအတွက် အသက်ပြင်းပြင်းရှူပေးပါ။

၇။ ပျားရည်

ပျားရည်ရဲ့အနံ့ကိုပဲ ရှူရှိုက်ပေးခြင်းက အချို့သူများတွင် ကောင်းမွန်သောရလဒ်များဖြစ်စေပါတယ်။ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးထည့်ထားသည့်ဖန်ခွက်ထဲတွင်ထည့်ပြီး ဖြည်းဖြည်းချင်းသောက်ပေးပါ။ တနေ့သုံးကြိမ်သောက်ပေးဖို့လိုအပ်ပါတယ်။

၈။ ကြက်သွန်နီ

Onions

ကြက်သွန်နီကို အစိမ်းလိုက်စားပေးခြင်းက အသက်ရှူလမ်းကြောင်းကို ရှင်းလင်းပေးကာ အသက်ရှူဝစေမှာဖြစ်ပါတယ်။ အကယ်၍ အစိမ်းစားရတာကို မကြိုက်ဘူးဆိုလျှင် ချက်ပြီးသားကြက်သွန်များကို စားပေးပါ။

၉။ သံပုယိုသီး

ပန်းနာရင်ကြပ်ရှိသူများသည် မကြာခဏ ဗီတာမင်စီချို့တဲ့တတ်ကြသောကြောင့် သံပုယိုသီးအရည်ကို ရေတစ်ဝက်ခန့်ထဲသို့ညှစ်ထည့်ပြီး မိမိခံတွင်းတွေ့သလို သကြားအနည်းငယ်ထပ်ထည့်ပေးကာ မှန်မှန်သောက်သုံးပေးပါ။

လိမ္မော်သီး၊ သဘော်သီး၊ ဘလူးဘယ်ရီနှင့် စတော်ဘယ်ရီသီးများလို အာဟာရဓာတ်ကြွယ်ဝသည့်အသီးများကို များများစားပေးပါ။