အိမ်စောင့်နတ်နဲ့ရန်ဖြစ်ထားသလိုမျိုး အိမ်မှာကိုနေဖို့စိတ်ကူးမရှိ၊ အိမ်ထဲမှာတစ်ရက်လောက်နေရရင်ကို ပိတ်လောင်ခံထားရသလို၊ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားသလိုမျိုး ခံစားနေရတဲ့သူတွေအတွက် အရေးကြီးတဲ့အရာလေးတွေကို ပြောပြပေးချင်ပါတယ်။ ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်တွေမှာအိမ်မှာမနေပဲ သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်ဆိုရင် ကျန်းမာရေးဗဟုသုတအနေနဲ့ လုပ်သင့်တာတွေ၊ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်သွားဖို့က တကယ်ကိုအရေးကြီးပါတယ်။

နေကာမျက်မှန်ယူသွားဖို့

အခုနောက်ပိုင်းမှာ ရာသီဥတုတွေကလည်း ဖောက်ပြန်လာပြီး အရင်ကနဲ့မတူ တော်တော်လေးကိုပူလာပါတယ်။ ဒီလိုမျိုး ရာသီဥတုပူပူထဲမှာ အိမ်မှာလည်းမနေပဲ အပြင်သွားမယ်ဆိုရင်လည်း နေကာမျက်မှန်လေးတစ်လက်လောက်တော့ ဆောင်ထားသင့်ပါတယ်။ နေရောင်ခြည်မှာပါဝင်နေတဲ့ ခရမ်းလွန်ရောင်ခြည်တွေက မျက်လုံးကိုပျက်စီးစေနိုင်တာကြောင့် နေကာမျက်မှန်ကိုဆောင်ထားဖို့ လိုပါလိမ့်မယ်နော်။

နှုတ်ခမ်းသား

ဒီလိုဆိုလိုက်လို့ အပြင်သွားတာနဲ့နှှုတ်ခမ်းနဲ့ ဘာဆိုင်လို့လဲလို့တွေးမိကောင်း တွေးမိပါလိမ့်မယ်။ တကယ်တော့ ပျိုမေတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ နှုတ်ခမ်းကအနူးညံ့ဆုံးအစိတ်အပိုင်းလို့တောင်ဆိုလို့ရပါတယ်။ အပြင်တွေသွားတဲ့အခါမှာ အသားအရေကိုထိန်းသိမ်းဖို့ SPF ကအရေးကြီးသလို နှုတ်ခမ်းကိုလည်းနေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ SPF ပါတဲ့ LipBalm ကိုသုံးပေးဖို့ မမေ့ပါနဲ့နော်။

Sunscreen ကလည်းမဖြစ်မနေပါ

မြန်မာနိုင်ငံကလည်း အပူပိုင်းရာသီဥတုနိုင်ငံတွေထဲမှာ ပါဝင်နေတာဆိုတော့ အားလုံးသိတဲ့အတိုင်း အပြင်ထွက်တာနဲ့ပူပြီလေ။ ဒီလိုအခါမျိုးမှာ အသားမည်းမှာတွေ၊ နေလောင်မှာတွေကိုစိုးရိမ်တယ်ဆိုရင်တော့ အိတ်ထဲမှာ Sunscreen ကိုအမြဲတမ်းထည့်ထားပြီး အပြင်ရောက်နေတဲ့အချိန်တွေမှာလည်း အသားအရေကိုထိန်းသိမ်းလို့ရတာပေါ့။

ထီးဆောင်းဖို့ကို မပျင်းပါနဲ့

အပြင်ထွက်ပြီဆိုရင်တော့ ထီးလေးတွေမဖြစ်မနေထည့်သွားသင့်တယ်လေ။ တစ်ချို့ကတော့ ထီးယူရမှာကိုပျင်းနေကြပြီး၊ တစ်ချို့ကတော့ထီးဆောင်းရမှာကို မလိုလားကြတာပဲဖြစ်ပါတယ်။ နေလောင်ဒဏ်ကအရေပြားကို မထင်ထားလောက်အောင် ဒုက္ခအရမ်းရောက်နိုင်တာကြောင့် နေပူပူ၊ မိုးရွာရွာ ထီးလေးတစ်ချောင်းတော့ ယူသွားဖို့လိုပါတယ်။

လူငယ်တိုင်းကတော့ အားနေပြီဆိုတာနဲ့အပြင်ကိုပဲ သွားချင်နေကြတာလေ။ ဒါပေမယ့် သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုဂရုတစိုက်လေးနဲ့ ပြင်ဆင်မှုလေးတွေလုပ်ရင်းနဲ့ နေထိုင်သွားမယ်ဆိုရင် အကောင်းဆုံးပဲပေါ့။

Photo Source: Unsplash