အသက် ၂၀ ကျော်အရွယ်လူငယ်တစ်ယောက်မှာ ကျန်းမာရေးကိုအရမ်းလိုက်စားဖို့ စိတ်ကူးမရှိကြတာတော့ အမှန်ပါပဲ။ သူတို့အတွေးထဲမှာက ကျန်းမာရေးကဒီလောက် အရေးမကြီးသေးပါဘူးလို့ သတ်မှတ်ထားကြတာလေ။ လူကြီးတွေလိုမျိုး အစားအသောက်၊ အနေအထိုင် ဆင်ခြင်တာမျိုး တွေကို လုပ်လေ့မရှိသေးတဲ့အရွယ်မျိုးမှာ ကျန်းမာရေးအတွက် တစ်စိတ်တစ်ပိုင်း အသေးစားနေရာလေးမှာ အရေးပါနေတဲ့ ဒီလိုအရာမျိုးလေးတွေကိုတော့ အကျင့်ဖြစ်အောင်လုပ်ပေးသင့်ပါပြီ။

မနက်စာစားတတ်တဲ့အကျင့်

မနက်စာဆိုတာ လူတစ်ယောက်အတွက်အရေးကြီးဆုံး အစားစာဖြစ်တာကြောင့် မဖြစ်မနေစားပေးတတ်တဲ့ အကျင့်မျိုးကိုလုပ်ဖို့ လိုအပ်ပါတယ်။ ပရိုတင်းဓာတ်တွေများစွာပါဝင်နေတဲ့ အစားစာမျိုးကို ရွေးချယ်တတ်ဖို့ကလည်း လိုအပ်ပါသေးတယ်နော်။

နေလောင်ခံလိမ်းဆေး

နေလောင်ခံလိမ်းဆေးလိမ်းပေးဖို့ကလည်း မဖြစ်မနေလိုအပ်တဲ့အရာပါ။ ဒီလိုအရွယ်မှာထဲက အသားအရေကိုထိန်းသိမ်းစောင့်ရှောက်မှုတွေ ကောင်းကောင်းမလုပ်ထားဘူးဆိုရင် ကြီးလာတဲ့အခါမှာ အဲဒီဒဏ်တွေကို ပိုပြီးတော့ခံစားရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် နေလောင်ခံလိမ်းဆေးကို ပုံမှန်လိမ်းတတ်တဲ့အကျင့်ဖြစ်အောင် လုပ်ပေးဖို့လိုပါတယ်။

တစ်နေ့ကို ၈ နာရီပြည့်အောင်အိပ်တာ

ငယ်ရွယ်နေတဲ့သူတွေတော်တော်များများရဲ့ အိပ်ယာဝင်ချိန်က အမြဲတမ်းနောက်ကျနေတတ်ပါတယ်။ အိပ်ယာဝင်နောက်ကျပြီး အိပ်ရေးကောင်းကောင်းမဝနေတာမျိုးတွေက ကြာလာရင်ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့လိုပါတယ်။

တရားထိုင်တတ်အောင်

ဘာသာရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိုးတွေရရှိနေအောင် နေ့တိုင်းတရားထိုင်တတ်တဲ့ အကျင့်မျိုးကိုလုပ်ပေးပါ။ ငယ်ရွယ်တဲ့သူတွေက လောကဓံတွေကို ကောင်းကောင်းနားမလည်သေးတာကြောင့် ပြဿနာဖြစ်ရင် စိတ်ဓာတ်ကျလွယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအရာတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် တရားများများထိုင်ပေးလေ စိတ်တည်ငြိမ်ပြီး ဆုံးဖြတ်ချက်တိုင်းကမှန်ကန်နေမှာပဲဖြစ်ပါတယ်။

ပျော်ပျော်ရွှင်ရွှင်နေတတ်ပါစေ

လူငယ်ဘဝမှာရှိသင့်တဲ့ ပျော်ရွှင်မှုတွေအားလုံးကို ပိုင်ဆိုင်ရအောင်လုပ်ယူသင့်ပါတယ်။ သူငယ်ချင်းတွေအများကြီးထားပြီး လူငယ်ဘဝမှာပဲရနိုင်တဲ့ ပျော်ရွှင်မှုအစစ်အမှန်တွေကို ဖန်တီးပြီးနေထိုင်မယ်ဆိုရင်တော့ ပျော်စရာကောင်းတဲ့လူငယ်ဘဝကို ပိုင်ဆိုင်ပြီးကျန်းမာတဲ့ဘဝမျိုးကို ရရှိမှာပေါ့။

Photo Source: Unsplash