လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက်ရော ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့အရာတစ်ခုလို့ဆိုလို့ရပါတယ်။ လူတစ်ယောက်ကျန်းကျန်းမာမာနဲ့ သန်စွမ်းတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ဖို့ဆိုတာ လေ့ကျင့်ခန်းမလုပ်ပဲနဲ့တော့ မရနိုင်ပါဘူး။

လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ မလိုအပ်တဲ့အရာလို့မှတ်ယူနေတဲ့ သူတွေရဲ့ခန္ဓာကိုယ်မှာဖြစ်လာနိုင်မယ့် ကျန်းမာရေးအခြေအနေတွေကို ဖော်ပြပေးချင်ပါတယ်။

အစားစာရွေးချယ်မှုမှာဆိုရင် လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားစာတွေကိုပဲ ရွေးချယ်ပြီး၊ လေ့ကျင့်ခန်း လုပ်နေကျမဟုတ်တဲ့သူတွေကတော့ တွေ့တဲ့အစားစာတိုင်းကို စားချင်စိတ်ဖြစ်နေပြီး ကျန်းမာရေးအတွက်လည်း ထည့်ပြီးတော့ မစဉ်းစားနေတော့ပါဘူး။

ကောင်းကောင်းအိပ်ပျော်တယ် အိပ်မပျော်ဘူးဆိုတာတွေကလည်း လေ့ကျင့်ခန်းလုပ်တာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ ခန္ဓာကိုယ်ကအနားယူချိန်ကို ရောက်လာတဲ့အခါမှာ ကောင်းကောင်းအနားယူချင်စိတ်ဖြစ်လာစေပြီး နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်စေပါတယ်။ ဒါကြောင့် ကောင်းကောင်းအိပ်မပျော်တဲ့ညတွေ များလာပြီဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပေးဖို့ စတင်လိုက်ပါတော့။

မောပန်းလွယ်လာမယ်။ လေ့ကျင့်ခန်းပုံမှန်မလုပ်နေတဲ့သူတစ်ယောက်က လှုပ်ရှားမှုလည်းနည်းလာတာကြောင့် ပုံမှန်ပြေးတာလောက်မျိုး၊ လှေကားတက်တာတို့၊ ပစ္စည်းသယ်တာမျိုးတွေဆိုရင်တောင် အလွယ်တကူမောနေတာမျိုးကို ခံစားရမှာပဲဖြစ်ပါတယ်။ ဒါက ခန္ဓာကိုယ် လှုပ်ရှားမှုနည်းနေတာကြောင့် သက်လုံမကောင်းဘူးလို့ဆိုလို့ရပါတယ်။ ငယ်ရွယ်နေတဲ့အချိန်မှာထဲက ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင် ကြီးလာရင်ပိုပြီးတော့ ဆိုးရွားလာစေမှာပါနော်။

လန်းဆန်းတက်ကြွမှုလည်း မရှိနိုင်တော့ဘူးဆိုရင်တော့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ လိုအပ်ပြီလို့ဆိုလို့ရပါတယ်။ လူငယ်တစ်ယောက်က တက်တက်ကြွကြွမရှိပဲ ကြည့်လိုက်တဲ့အချိန်တိုင်း ထိုင်းမှိုင်းပြီးဝမ်းနည်းနေသလိုမျိုး ခံစားနေရပြီဆိုရင်လည်း လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါပြီ။

Photo Source: Unsplah