H1N1 Flu ကို ဖြစ်ပွားနေတဲ့အချိန်မှာ လူတော်တော်များများက ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။ ဒါပမေယ့် ဒီ တုပ်ကွေးကို ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ နည်းလမ်းတော့မရှိပေမယ့် တုပ်ကွေးမဖြစ်ပွားအောင် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြှင့်တင်နိုင်တဲ့ နည်းလမ်းတော့ ရှိပါတယ်။

ဗီတာမင် D ဓာတ်ကြွယ်ဝတဲ့ အစားအစာများ

အိန္ဒိယနိုင်ငံ၊ ကူးစက်ရောဂါများ လေ့လာမှု အမျိုးသားအဖွဲ့ မှ ဒေါက်တာ Sanjay Gandhi ရဲ့ လေ့လာချက်အရ စားသုံးလေ့ရှိတဲ့ အစားအစာများမှာ ဗီတာမင် D ကြွယ်ဝတဲ့အစားအစာများ စားသုံးပေးရင် H1N1 ဖြစ်ပွားနိုင်တဲ့ ရာခိုင်နှုန်းကို လျော့ချပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D ဓာတ် များနေရင် တုပ်ကွေး ဝင်ရောက်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ မှိုတွေဟာ ဗီတာမင် D ပါဝင်မှု များတဲ့ အစားအစာတွေဖြစ်ပါတယ်။ အဲ့ဒီအပြင် ဆယ်မွန်၊ ဆာဒင်းငါးနဲ့ ကြွက်ဥအနှစ်တွေမှာလည်း ဗီတာမင် D တွေ အများကြီး ပါဝင်ပါတယ်။

နေပူဆာလှုံပါ

နေပူဆာလှုံရင်လည်း H1N1 တုပ်ကွေးဖြစ်ပွားမှုကို လျော့ချပေးနိုင်ပါတယ်။ ဆရာဝန်တွေက တစ်နေ့ကို မိနစ် ၂၀ လောက် တစ်ပတ်ကို ၃ရက်လောက် လှုံပေးရင်လည်း H1N1 ဖြစ်ပွားနိုင်ချေကို ကာကွယ်ပေးပါတယ်။ လူ့ခန္ဓာကိုယ်က နေကလာတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့လို့ရှိရင် ဗီတာမင် D ဓာတ်ထုတ်လုပ်ပေးပါတယ်။

ကိုယ်ခံအားကောင်းတဲ့ အစားအစာများ

ကိုယ်ခံအားကောင်းနေရင်လည်း H1N1 တုပ်ကွေး ပိုးတွေ ဝင်ရောက်နိုင်ဖို့ ခက်ခဲပါတယ်။ ဗီတာမင် A, B နဲ့ C တို့က ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ ဆန်အညိုရောင်၊ နေကြာစေ့၊ အသား နဲ့ ငါး စတာတွေကို စုံလင်စွာ အာဟာရပြည့်စွာ စားသုံးပေးရပါမယ်။ ကြက်သွန်ဖြူ နဲ့ ဂျင်းတို့ကလည်း Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ကင်းစေပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။

Probiotics

ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ ပါဝင်တဲ့ အစားအစာများဖြစ်တဲ့ နွားနို့ နဲ့ ဒိန်ချဉ်တို့ကလည်း အရေးကြီးပါတယ်။ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေ ထုတ်လုပ်ပေးကာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး တခြား အန္တရာယ်ရှိ ဘက်တီးရီးယား ပိုးမွှားတွေ ဖွံ့ဖြိုးမှုကိုလည်း ကာကွယ်ပေးပါတယ်။

ဖျားနာနေရင်

ဖျားနေရင် ရေများများနဲ့ အာဟာရရှိတဲ့ အသီးဖျော်ရည်တွေ များများသောက်ပါ။ ရေဓာတ်ကလည်း တုပ်ကွေးကို ကုသရာမှာ အဓိက အရေးပါလှပါတယ်။ အဲ့ဒီအပြင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများ စားပါ။ ဒီအစားအစာတွေက ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ ဖျားနေရင်လည်း နီးစပ်ရာ ဆေးခန်းကို သွားရောက်ပြီး အချိန်မီ ကုသမှုကို ခံယူသင့်ပါတယ်။

ဘယ်လို အစားအစာတွေ ရှောင်ကြဉ်ရမလဲ

  • အထူးသဖြင့် ဒီလိုအချိန်မှာ လမ်းဘေးအစားအစာတွေ ရှောင်ကြဉ်ပါ။
  • ငါးသေတ္တာဗူးလိုမျိုး ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေက နေမကောင်းဖြစ်စေတတ်တာကြောင့် ရှောင်ကြဉ်ပါ။

လူစုလူဝေးရှိတဲ့နေရာကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ လက်ကို မကြာခဏဆေးပေးပါ။ လက်ဆေးလို့အဆင်မပြေရင်လည်း ရေမလိုတဲ့ Alcohol ပါတဲ့ လက်သန့်ဆေးရည်နဲ့ ဆေးပေးပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။

(ဒီဆောင်းပါး ကို အိန္ဒိယနိုင်ငံ မှ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ Website တစ်ခုဖြစ်တဲ့ The Health Site မှဆောင်းပါးကို ဘာသာပြန် ဖော်ပြထားတာဖြစ်ပါတယ်။)