အစားအသောက်အလေ့အကျင့်၊ အိပ်စက်မှုပုံသဏ္ဍာန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် လေ့ကျင့်ခန်းများပြုလုပ်ခြင်းက သင့်ရဲ့အသားအရေ မည်သို့မည်ပုံ ရှိသည်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိနိုင်ပါတယ်။ အကယ်၍ သင်ဟာ ဝင်းလက်တောက်ပပြီး စိုပြေမှုရှိတဲ့ အသားအရေကို လိုချင်နေတယ်ဆိုရင်တော့ ယခု MyHealth Myanmar ကနေပြီး ဖော်ပြပေးလိုက်မယ့် သစ်သီးဖျော်ရည်ကို သောက်သုံးပေးနိုင်ပါတယ်။

ဒီဖျော်ရည်ထဲမှာဆိုရင် ကျန်းမာရေးနဲ့အင်မတန်ညီညွတ်မှုရှိတဲ့ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များပါဝင်တာကြောင့် ကိုယ်ခန္ဓာအတွက်အဖက်ဖက်မှ ကောင်းကျိုးများကို ပေးစွမ်းနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

Beetroot

မုန်လာဥနီ

သခွားသီး

ပန်းသီး

တလည်းသီး

လိမ္မော်သီး

သံပယိုသီး

ဂျင်း

ဖရဲသီး

ပူစီနံ

လိုအပ်သည့်ပစ္စည်းကိရိယာများ

သစ်သီးညှစ်စက်၊ ကရား၊ ဓား၊ စဉ့်တီတုံး၊ အခွံနွှာဓား၊ ကြိတ်စက်၊ တိုင်းတာခွက်

ပြုလုပ်နည်း

၁။ သစ်သီးညှစ်စက်ဖြင့် beetroot ကြီးကြီးတစ်လုံးကို အခွံခွာပြီး အရည်ညှစ်ပါ။

၂။ မုန်လာဥအသေးနှစ်လုံးကို အရည်ညှစ်ပါ။

၃။ သခွားသီးတစ်လုံးကိုလည်း အခွံခွာပြီး အရည်ညှစ်ပါ။

၄။ ထို့နောက် အရွယ်အစားခပ်ကြီးကြီး ပန်းသီးတစ်လုံးကို သေးသေးလေးတွေလှီးပြီး အရည်ညှစ်ပါ။

၅။ ပြီးလျှင် တလည်းသီးအစေ့တွေကိုလည်း သစ်သီးညှစ်စက်ထဲထည့်ပေးပါ။

၆။ လက်မအရွယ်ခန့်ဂျင်းကို အခွံခွာပြီး အရည်ညှစ်ထုတ်ယူပါ။

၇။ နောက်ဆုံးအနေဖြင့် အရွယ်ကြီးလျှင်တစ်လုံး သို့မဟုတ် သေးလျှင်နှစ်လုံး လိမ္မော်သီးကို အခွံခွာပြီး သစ်သီးညှစ်စက်ထဲထည့်ပါ။ ဒီအဆင့်ထိရောက်ပြီဆိုလျှင် သံပယိုရည်အနည်းငယ်ထည့်ပြီး လတ်လတ်ဆတ်ဆတ်ဖျော်ရည်တစ်ခွက်ကို သောက်သုံးနိုင်သလို နောက်ဆက်တွဲအဆင့်များကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။

၈။ ကရားထဲတွင်ထည့်ထားသည့် သစ်သီးဖျော်ရည်အကုန်လုံးကို ကြိတ်စက်ထဲထည့်ပါ။

၉။ ဖရဲသီးတစ်ဝက်ခန့်ကို အစေ့ထုတ်ပြီး ထည့်ပါ။

၁၀။ လတ်ဆတ်သော ပူစီနံအရွက်လက်တစ်ဆုပ်ကိုလည်း ထည့်ပေးပါ။

၁၁။ နောက်ထပ် သံပယိုရည်တစ်ဝက်ကိုလည်း ညှစ်ပေးပါ။

၁၂။ နောက်ဆုံးမှာ ရေခဲအချို့ကိုကြိတ်ခြေ၍ ထည့်ပြီးလျှင်တော့ စက္ကန့်အနည်းငယ်ခန့် ကြိတ်ခြေပေးပါ။

ပြီးလျှင်တော့ လတ်ဆတ်အေးမြပြီး အလွန်အရသာရှိသည့် သစ်သီးဖျော်ရည်တစ်ခွက်ကို သောက်သုံးနိုင်ပါပြီ။