လူငါးယောက်မှာ တစ်ယောက်က ဝမ်းချုပ်တာကို ခံစားရလေ့ရှိပါတယ်။ ဝမ်းချုပ်တာက နေ့စဥ်မသက်မသာဖြစ်စေသည့်အပြင် နာတာရှည်ရောဂါ များစွာရဲ့ အခြေခံ အကြောင်းတရားလည်း ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် အမျှင်ဓာတ်စားသုံးမှု နည်းတာ၊ ရေသောက်နည်းတာတို့ကြောင့် လည်း ဝမ်းချုပ်လေ့ရှိသလို အခြောက်၊ အအေး၊ အစပ်၊ အကြော်နဲ့ Fast Foods တွေ အလွန်အကျွံ စားတာ၊ အိပ်ရေးပျက်ခြင်း၊ ညစာနောက်ကျ ခြင်းနဲ့ အထိုင်များခြင်းတို့ကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။   ဆီးချို၊ သိုင်းရွိုက်၊ ကျောက်ကပ်၊ နှလုံး၊ လေဖြတ်ခြင်းနဲ့  ကျောရိုး ပြဿနာ တွေကလည်း  ဝမ်းချုပ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

တညလုံးရေစိမ်ထားတဲ့စပျစ်ခြောက်

စပျစ်သီးခြောက်မှာ အမျှင်ဓာတ်တွေ  ပြည့်ဝနေသောကြောင့် ဝမ်းသွားတဲ့အခါ လွယ်ကူစေဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်။ အခြောက်လှန်းထားတဲ့ အစားအစာတွေက အစာအိမ်ကို ထိခိုက်စေနိုင်သောကြောင့် စပျစ်သီးခြောက်ကို စိမ်ပြီးမှစားပေးပါ။ စိမ်ပြီးမှစားတဲ့အခါ အစာကြေညက်ဖို့လည်း လွယ်တာကြောင့်ပါ။

ပဲနံ့သာစေ့

ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို တစ်ညလုံး စိမ်ပြီး မနက်စောစော စားသုံးနိုင်ပါတယ်။ အစေ့တွေကို အမှုန့်ဖြစ်အောင် ထောင်းပြီး ညအိပ်ရာဝင်ချိန်မှာ ရေနွေးနွေးနဲ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဖျော်ပြီးလည်း သောက်နိုင်ပါတယ်။

ဆီးဖြူသီး

ဆီးဖြူသီးက ကိုယ်အလေးချိန်ကျခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်းနဲ့ တခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက်လည်း ကူညီပေးနိုင်တဲ့ ဝမ်းနုတ်ဆေး တစ်မျိုးပါ။ ဆီးဖြူသီးကိုစားတဲ့အခါ  နံနက်ပိုင်း ဗိုက်ထဲတွင် အဆာမရှိခင် စောစောလေးသောက်ပေးသင့်ပါတယ်။ ဆီးဖြူသီးကို အကြိုက်အပေါ်မူတည်ပြီး သစ်သီး သို့မဟုတ် အမှုန့်အဖြစ်နဲ့လည်း စားသုံးနိုင်ပါတယ်။

နွားနို့

နို့ဟာ ကလေးသူငယ်များနဲ့  သက်ကြီးရွယ်အိုများအပါအဝင် လူတိုင်းအတွက် လက်တွေ့ကျတဲ့ ဝမ်းနုတ်ဆေးဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင် များလည်း သောက်သုံးနိုင်ပါတယ်။ အိပ်ရာမဝင်မီ နွားနို့ပူပူတစ်ခွက် သောက်ပေးပါ။