လူများ၏ခန္ဓာကိုယ်အရေပြားသည် အရေထူ၊ အရေပါးဟု ခေါ်သော အလွှာကလေးများနှင့် ဖွဲ့စည်းထားသော်လည်း သူ့အခန်းကဏ္ဍနှင့်သူ အလွန်အရေးကြီးပါတယ်။ အရေပြားသည် ခန္ဓာကိုယ်အတွင်းမှ အင်္ဂါကြီးငယ်အားလုံးကို ကျစ်ကျစ်လျစ်လျစ် လှလှပပဖြစ်အောင် ထုပ်ပိုးထားပြီး အကာအကွယ်ပေးထားရပါတယ်။ ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးများ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးရပြီး ခန္ဓာကိုယ်၏အပူချိန်ကို သမခြေမှာရှိရန်လည်း ထိန်းသိမ်းပေးထားရပါတယ်။

ခန္ဓာကိုယ်အတွင်းတွင် အပူဓာတ်များ များနေသည့်အခါဖြစ်စေ၊ ပြင်ပတွင်သိပ်ပူနေသည့်အခါဖြစ်စေ၊ ခန္ဓာကိုယ်မှာ အပွင့်ဓာတ်တွေများနေသည့်အခါတွင်ဖြစ်စေ၊ ချွေးတွေပိုထွက်လာရသည့်သဘောရှိနေပါတယ်။ လူတို့စိတ်လှုပ်ရှားသည့်အခါ၊ စိတ်အားထက်သန်သည့်အခါ၊ စိတ်ကျဉ်းကျပ်သည့်အခါ ချွေးတွေပိုထွက်လာနိုင်ပါတယ်။ လူတစ်ဦးတစ်ယောက်စီ၏ စိတ်နေသဘောထားကို လိုက်၍ ချွေးထွက်ပုံ အနည်းအများမတူပါဘူး။

အချို့မှာ ထွက်လာသည့်ချွေးနံ့ဟာ အချဉ်ပေါက်သလိုဖြစ်နေပြီး အနံ့မကောင်းသည့်အတွက် လူကြားထဲသွားလာမလှုပ်ရှားနိုင်လောက်အောင် ဖြစ်နေပါတယ်။ အချို့မှာတော့ အနံ့ပြင်းရုံသာမက အဝါရောင်၊ အညိုရောင်ချွေးများထွက်တတ်သောကြောင့် အင်္ကျီအဖြူဝတ်လျှင် ချိုင်းကြားမှာအရောင်စွန်းနေတတ်ပါတယ်။

သည့်အတွက် ချွေးထွက်တိုင်း ရေအေးချိုးခြင်း၊ ရေအေးလောင်းခြင်း၊ ရေခဲရည်သောက်ခြင်း၊ စသည်တို့ကို မလုပ်မိသင့်ပါဘူး။ ပူပူလောင်လောင်၊ ချွေးသံရွှဲရွှဲနှင့် ပြင်ပက ပြန်လာပြီး ရောက်ရောက်ခြင်း ချွေးမခြောက်မီ လေအေးစက်တပ်ထားသည့် အအေးခန်းထဲကိုလည်း ရုတ်တရက်ဝင်ပြီး မနေသင့်ပါဘူး။

ထိုကဲ့သို့ ချွေးထွက်သန်ခြင်းကို ဟန့်တားနိုင်ရန်အတွက် နည်းလမ်းကောင်းလေးတစ်ခုမှာ လက်သီးဆုပ်လောက်ရှိသည့် အာလူးတစ်လုံးကို အခွံမနွှာဘဲ ရေသန့်စင်အောင်ဆေးပါ။ ပြီးလျှင် အတုံးသေးသေးလေးများလှီးကာ ကျိတ်စက်ထဲထည့်၍ ရရှိလာသည့် လတ်လတ်ဆတ်ဆတ်အာလူးရည်ကို ချက်ချင်းကုန်အောင်သောက်ပါ။ နေ့စဉ်ရက်ဆက်သောက်ပေးပါက ချွေးထွက်သက်သာ၍ ခန္ဓာကိုယ်သည်လည်း ပေါ့ပါးသွက်လက်နေမှာဖြစ်ပါတယ်။