ခါးနာရောဂါ၊ ခါးရိုးမမှန်တဲ့ ပြဿနာတွေဟာဆိုရင် ၂၁ ရာစုရောက်တဲ့အခါ ပိုပြီးတော့ အဖြစ်များလာကြပါတယ်။ ပြဿနာတွေဖြစ်ရတဲ့ အကြောင်း အရင်းတွေကတော့ အမြဲ ထိုင်ပြီးအလုပ်လုပ်ရတဲ့ ရုံးအလုပ်သမားတွေနဲ့ ခေတ်မီတိုးတက်နေတဲ့ စက်ကိရိယာပစ္စည်းတွေကို အသုံးများလာကြလို့ပါ။

ကိုယ်နေဟန်ထားမမှန်ခြင်းနဲ့ နာတာရှည်ဝေဒနာတို့ကို ကြုံတွေ့ရစေတာဟာ လူသားတွေကိုယ်တိုင်ပဲဖြစ်တာကြောင့် အမှားကိုသိရင် အမှန်ပြင် နိုင်ဖို့အတွက် ဘယ်လိုအလေ့အထဆိုးတွေကို ရှောင်ကြဉ်ရမလဲဆိုတာ အခုပဲအတူကြည့်လိုက်ရအောင်ပါ။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ဘယ်လိုမှကောင်းမွန်တဲ့ အလေ့အထမဟုတ်သလို ကျန်းမာရေးအတွက် ဆိုးကျိုးပေါင်းများစွာကို သယ်ဆောင်လာနိုင်တဲ့အရာဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းက ခါးရိုးဆစ်အတွင်းက အာရုံကြောမကြီးတစ်ဝိုက် သွေးပုံမှန်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ခါးနာခြင်းကိုဖြစ်စေနိုင်ပါတယ်။

မတ်တပ်ရပ်လျက်အလုပ်လုပ်ခြင်း

အကြာကြီးထိုင်ခြင်းက အန္တရာယ်ရှိစေနိုင်တယ်ဆိုတာနဲ့ပဲ တစ်နေကုန်မတ်တပ်ရပ်နေရမယ်လို့ မဆိုလိုပါဘူး။ အချိန်အကြာကြီး မတ်တပ်ရပ်လိုက်မယ်ဆိုပါက ဇက်၊ ခါးရိုးနဲ့ ပုခုံးတွေအပေါ်ကို အများကြီးသက်ရောက်မှုတွေရှိလာစေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်နေဟန်ထားမမှန်ခြင်းကို ရှောင်ရှားဖို့အတွက် တစ်နေ့တာမှာထိုင်လိုက်၊ ထလိုက်၊ အတန်ငယ်လှဲလျောင်းလိုက် မိနစ်အနည်းငယ်စီ လုပ်ပေးဖို့လိုအပ်ပါတယ်။

ဖိနပ်အရွေးမှားခြင်း

ကိုယ့်အတွက် သက်သောင့်သက်သာမရှိစေတဲ့ ဖိနပ်တွေကိုစီးခြင်းကလည်း ခါးနာခြင်းကိုဖြစ်စေနိုင်ပါတယ်။ တစ်နေကုန် အပြင်မှာ လှုပ်ရှားသွားလာရမယ့်နေ့တွေမှာဆိုရင် ဒေါက်ဖိနပ်စီးမှာထက် ပေါ့ပေါ့ပါးပါးနဲ့သွားလာနိုင်တဲ့ ဖိနပ်တွေကိုရွေးစီးပြီး ခါးရိုးမှာဒဏ်ဖြစ်စေမှာကို ရှောင်ကြဉ်လိုက်ပါ။

လုံလောက်တဲ့ အနားယူချိန်မရှိခြင်း

တစ်နေကုန်အလုပ်တွေရှုပ်နေသူများအတွက် နားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ မှန်ပေမယ့်လည်း အချိန်ရတုန်းရခိုက်လေးမှာ အနားယူဖို့မမေ့ပါနဲ့။ ကြွက်သားတွေမှာ ဒဏ်ပိုဖြစ်ခြင်းကို ရှောင်ရှားရန်အတွက် လှဲလျောင်းလိုက်ပြီး ခြေထောက်လေးတွေ မြှောက်ထားလိုက်ပါ။

မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုခြင်း

နေ့စဉ်နေ့တိုင်း ဖုန်းတွေကိုအသုံးပြုခြင်းက ပုံမှန်ခါးရိုးကို ကွေးသွားစေနိုင်ကာ နောက်ကျောဖက်ကို လေးလံတဲ့ဝန် တင်လိုက်သလို ဖြစ်သွားစေနိုင်ပါတယ်။ အထူးသဖြင့် လူငယ်တွေမှာ အဖြစ်များပါတယ်။

တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ၂ နာရီ သို့မဟုတ် ၄ နာရီကြာနီးပါး ဖုန်းတွေကိုအသုံးပြုပါက တစ်နှစ်အတွင်းမှာ နာရီပေါင်း ၇၀၀ မှ ၁၄၀၀ အထိ ဇက်ကိုကွေးထားသလိုဖြစ်သွားစေပါတယ်။

ထိုမှတဆင့် ခါးကိုင်းကိုင်းကြီးဖြစ်သွားစေနိုင်တာကြောင့် ဖုန်းတွေကိုအသုံးပြုနေစဉ်မှာ ကိုယ့်ရဲ့အနေအထားကိုသတိထားပြီးတော့ မတ်မတ်ထိုင်ပေးပါ။

Source: BrightSide