အမေရိကန်ပြည်ထောင်စုရှိ ကလေး ၆၈ ယောက်မှာ တစ်ယောက်က Autism ခံစားနေကြရတယ်လို့ သုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။ Autism ဆိုတာ အာရုံကြော ချို့ယွင်းတဲ့ ရောဂါတစ်မျိုးပါပဲ။ မိဘတိုင်း ကိုယ့်ရဲ့ ကလေးကို ကျန်းမာပြီး ပျော်ရွှင်စေချင်ကြပါတယ်။ အော်တစ်ဇင် ဖြစ်နေပြီလို့ စောစောစီးစီးကြိုပြီးသိထားရင် ကလေးကို ဘယ်လိုမျိုး သင်ကြားပေးရမယ် ပြုစုပျိုးထောင်ပေးရမယ်ဆိုတာလည်း စောစောစီးစီး အဖြေရှာလို့ရနိုင်မှာပါ။

အော်တစ်ဇင်ရဲ့ ကနဦးလက္ခဏာရပ်တွေကို ဖော်ပြရရင်တော့

၁။ တုံ့ပြန်မှုမရှိဘူး။

အော်တစ်ဇင်ခံစားနေရတဲ့ ကလေးငယ်ဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေ ခက်ခဲကြပါတယ်။ ကလေး ငယ်ငယ်ကတည်းက သင့်ကို မျက်လုံးချင်းမဆုံတာ (သို့) စကားပြန်မပြောတာမျိုးကို သတိထားမိရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။

၂။ သူ့နာမည်အပေါ်မှာ တုံ့ပြန်မှုမရှိဘူး။

ကလေး ငယ်ငယ်ကတည်းက နာမည်ပေးခေါ်ကြတယ်မလား။ ကလေးငယ်က သူ့အသက် ၁ နှစ်ကျော်လာလို့ သူ့နာမည်ခေါ်တဲ့အခါ ဘာမှ တုံ့ပြန်တာမျိုးမရှိဘူးဆိုရင်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၃။ လူတွေပေါ်မှာ စိတ်ဝင်စားမှုနည်းခြင်း။

ကလေးငယ်ရဲ့ ယျေဘုယျသဘောက အရွယ်ရောက်ပြီးသား သူဆီကနေ အမြဲ သင်ယူနေတာပါ။ သူတို့နဲ့ ရင်းနှီးတဲ့သူတွေ မိဘတွေ ဘေးမှာရှိတဲ့အခါ ပြုံးတယ်။ မျက်လုံးချင်စုံပြီးစကားပြောပါတယ်။ အော်တစ်ဇင်ခံစားနေရတဲ့ ကလေးတွေကတော့ လူတွေအပေါ် စိတ်ဝင်စားမှုနည်းလှပါတယ်။

၄။ ကစားဖို့ခက်ခဲခြင်း။

ကလေးတွေ ငယ်ငယ်တုန်းကဆို တခြားသူတွေကြိုက်တဲ့ အားကစားတွေ ဂိမ်းတွေကို ကစားရတာကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် သင့်ကလေးက လွယ်ကူတဲ့ ဂိမ်းတွေကို ကစားဖို့ခက်ခဲတယ်။ ကစားခြင်းမပြုဘူးဆိုရင် သင်သူ့ကို သတိထားပြီး သူ့ရဲ့ အပြုအမူတွေကို ဆန်းစစ်လေ့လာသင့်ပါတယ်။

၅။ မူမမှန်ခြင်း။

သင့်ကလေးက သာမန်ကလေးတွေလိုမဟုတ်ဘဲ တစ်ခုခု မူမမှန်တာရှိနေတယ်။ အဲဒီမှုမမှန်တာကလည်း တဖြည်းဖြည်းနဲ့ ပိုပြီးသိသာလာတယ်ဆိုရင် သင်သူ့ကို စောစော ပြုစုပေးတာကောင်းပါတယ်။ အော်တီဇင်ရောဂါဆိုတာ အရှင်းပျောက်အောင်ကုသလိုတော့မရနိုင်ပေမယ့် သက်သာလာအောင်တော့ သင်ဖေးမကူညီပေးနိုင်ပါတယ်။

၆။ တစ်ခုခုကို ထပ်ခါထပ်ခါလုပ်ခြင်း။

သင့်ကလေးဟာ စိတ်မဝင်စားတဲ့အရာကိုလည်း လုံးဝစိတ်မဝင်စားပါဘူး။ သူလုပ်ပြီးသား အရာတစ်ခုကိုလည်း ထပ်ခါတလဲလဲ လုပ်တတ်တယ်ဆိုရင် သင်သူ့ကို သေချာဂရုစိုက်သင့်ပါတယ်။

နောက်ထပ် အော်တစ်ဇင်ရဲ့ လက္ခဏာရပ်တွေကတော့

အစားစားပုံ သူများနဲ့မတူတာ၊ လူမှုပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးခက်ခဲတာ၊ သင်ယူလေ့လာမှု ခက်ခဲတာတွေ၊ အာရုံစူးစိုက်မှုနည်းတာ၊ တက်ကြွမှုများတာတို့ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အော်တစ်ဇင်ခံစားနေရတဲ့ ကလေးငယ်ပေါင်း သန်းနဲ့ချီရှိနေပါတယ်။ တစ်ချို့မှာတော့ နည်းနည်းလောက်ပဲဖြစ်ကြပြီး ဆိုးဆိုးရွားရွားဖြစ်တာတွေလည်းရှိပါတယ်။ ကိုယ့်ရဲ့ ကလေး အော်တစ်ဇင်ခံစားနေရလို့လည်း ဘာမှဝမ်းနည်းအားငယ်စရာမလိုပါဘူး။

လုံးဝပျောက်ကင်းသွားမယ်လို့ မမျှော်မှန်းဘဲ ဘဝမှာ အမှီအခိုကင်းကင်းနဲ့ နေနိုင်သွားအောင် ကလေးတွေအတွက် အကောင်းဆုံး ပြုစုပေးသင့်ပါတယ်။ ကူးစက်ရောဂါတစ်ခုမဟုတ်လို့ ကိုယ့်မှာရှိတဲ့ တခြားကလေးတွေကိုကူးသွားမလားလို့ စိုးရိမ်စရာလည်းမလိုပါဘူး။ အော်တစ်ဇင်ကလေးတွေဟာ သူတို့ထူးချွန်တဲ့နေရာမှာဆိုရင်တော့ တစ်ဖက်ကမ်းခတ်ထူးချွန်ကြတာကြောင့် မိဘတွေအနေနဲ့ စိုးရိမ်မှု လွန်ကဲမနေဘဲ သေချာဂရုစိုက်ပြုစုပေးသင့်ပါကြောင်း အကြံပြုမျှဝေလိုက်ပါတယ်။ စာရေးသူဆရာဝန်တစ်ယောက်မဟုတ်ပေမယ့် နိုင်ငံခြားဝက်ဆိုဘ်တွေကရော တတ်သိနားလည်တဲ့ ပညာရှင်တွေရေးထားတဲ့ ဆောင်းပါးတွေကရော ကိုးကားပြီး စေတနာအပြည့်နဲ့မျှဝေပေးလိုက်တာပါ။ စာဖတ်သူတို့အားလုံး သာယာပျော်ရွှင်ကြပါစေ။