နေပူနေတဲ့အချိန်မျိုးမှာ မျက်စိကိုကာကွယ်ဖို့အတွက် နေကာမျက်မှန်ဆိုတာ လိုကိုလိုအပ်တဲ့အရာပါ။ နေရောင်ခြည်ကနေပါလာတဲ့ ခရမ်းလွန် ရောင်ခြည်တွေကို ကာကွယ်ဖို့အတွက် နေကာမျက်မှန်ကိုတပ်ကြတယ်ဆိုပေမယ့် ဒီနေကာမျက်မှန်ကြောင့် ဖြစ်လာမယ့်ပြဿနာတွေကလည်း ရှိနေပါသေးတယ်။

နေကာမျက်မှန်က သန့်ရှင်းမှုသိပ်ပြီးမရှိနေတဲ့အချိန်မှာ တပ်မိတာမျိုးတွေဆိုရင်လည်း မျက်စိထဲကိုပိုးဝင်တာမျိုးတွေ ဖြစ်တတ်တဲ့အပြင် အရေပြား ပြဿနာတွေနဲ့ပါ ကြုံတွေ့ရနိုင်တာဆိုတော့ နေကာမျက်မှန်ကို ပုံမှန်တော့သန့်ရှင်းရေးလုပ်ပေးသင့်ပြီနော်။

ပူပြင်းတဲ့နွေရာသီလိုအချိန်မျိုးမှာဆိုရင် ချွေးတွေကြောင့် နေကာမျက်မှန်မှာလည်း ဘက်တီးရီးယားတွေ ကပ်တွယ်ပြီး မျက်စိထဲကိုပိုးဝင်တာတွေနဲ့၊ အရေပြားပေါ်မှာ ဘက်တီးရီးယားတွေကြောင့် ဝက်ခြံပေါက်တာမျိုးတွေအထိ ဖြစ်လာစေနိုင်ပါတယ်နော်။

ဒီတော့ နေကာမျက်မှန်တွေကို ဘယ်လိုဆေးကြောသန့်စင်ကြမလဲ။ ရေနဲ့ပဲပုံမှန်တိုင်း ပွတ်ပြီးတော့ဆေးပေးလို့လည်း ရသလို ဆပ်ပြာနဲ့ ဆေးပေးရင် လည်း အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။ ဆပ်ပြာတွေကိုမျက်မှန်ပေါ်မှာ တင်ပြီးလက်ချောင်းလေးတွေနဲ့ သေချာပွတ်တိုက်ပြီး သန့်စင်ပေးတာမျိုးက ဘက်တီးရီးယားတွေကို ပိုပြီးတော့သန့်စင်စေနိုင်တာပေါ့။

ဒီလိုမျိုး ပွတ်တိုက်ပြီးသွားရင်တော့ ရေနဲ့တစ်ဖန်ပြန်ဆေးပေးပြီး ဆပ်ပြာတွေမရှိတော့အောင် သေချာဆေးပေးဖို့လိုပါတယ်နော်။ ပြီးရင်တော့ မျက်မှန်ကိုသုတ်နေကြ နူးညံ့တဲ့အဝတ်လေးနဲ့ပဲ ရေတွေကိုပြောင်အောင် သုတ်ပေးလိုက်ရုံပဲဆိုတော့ အလုပ်လည်းရှုပ်တဲ့ ကိစ္စမဟုတ်တာကြောင့် ပျိုမေတို့အနေနဲ့ မျက်စိနဲ့အရေပြားကျန်းမာရေးကို မထိခိုက်အောင် လုပ်ဆောင်ပေးသင့်ပါတယ်နော်။

Photo Source: Unsplash