ခံတွင်းနံ့ဆိုတာ လူတစ်ယောက်အတွက် အရမ်းအရေးပါတဲ့အရာတစ်ခုပါ။ လူအချင်းချင်း ပြောဆိုဆက်သွယ်ရာမှာ ကိုယ့်ပါးစပ်ကထွက်လာတဲ့အနံ့ကနံနေတယ်ဆိုရင် သင့်ဘေးကလူကို စိတ်အနှောင့်အယှက်ဖြစ်နိုင်သလို ၊ သင်ကိုယ်တိုင်းလည်း မိမိကိုယ်ကိုယုံကြည်မှုနည်းစေပါတယ်။

ဒါ့ကြောင့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

အဓိကအားဖြင့်တော့ တစ်နေ့ကို သွား ၂ ကြိမ် ပုံမှန်တိုက်ပေးရပါမယ်။ သွားတိုက်တဲ့အခါမှာလည်း ၂ မိနစ်လောက် အချိန်ယူပြီး ဖြည်းဖြည်းချင်းတိုက်ပေးသင့်သလို၊ သွားကြားတွေထဲ အစာတွေ ကပ်ကျန်မနေခဲ့စေဖို့ သန့်ရှင်းရေးလုပ်ပေးတာ၊ အစာအစားပြီးပြီးချင်း ပလုတ်ကျင်းပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

ဒါဟာ သိပ်ခက်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ နောက်ထပ် သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးပါမယ်။

ပါဝင်ပစ္စည်း

  • သံပုယိုရည် (သို့) သံပုရာရည်
  • သစ်ကြမ်းပိုးခေါက်မှုန့်
  • ပျားရည်
  • မှုန့်ဖုတ်ဆိုဒါ
  • ရေနွေး

ပြုလုပ်နည်း

အရင်းဆုံး သံပုယိုသီး တစ်ခြမ်း ကို လှီးပြီး အရည်ညှစ်ထုတ်လိုက်ပါ။ ပြီးရင် ဖန်ခွက်တစ်လုံးထဲထည့်ထားလိုက်ပါ။

သစ်ကြမ်းပိုးခေါက်မှုန့် စားပွဲတင်ဇွန်း ၁/၄ ပုံထည့်ပေးပြီး မှုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်လိုက်ပါ။ ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်ထပ်ထည့်လိုက်ပါ။ ပါဝင်ပစ္စည်းတွေကို သေချာရောပြီး မွှေလိုက်ပါ။ ရေနွေးခွက်တစ်ဝက်ကို ထပ်ရောလိုက်ပြီး မွှေပေးလိုက်ပါ။

သစ်ကြမ်းပိုးခေါက်မှုန့် ရေပေါ်တက်လာတဲ့ထိထားပါ။ အရည်ကအရမ်းပျစ်နေရင်ပဲဖြစ်ဖြစ် အရမ်းချဉ်နေရင်ပဲဖြစ်ဖြစ် ရေထပ်ထည့်နိုင်ပါတယ်။ ပြီးရင် ဘူးတစ်ခုထဲထည့်ထားပြီး ရေခဲသေတ္တာထဲမှာ ထည့်လိုက်ပါ။ တစ်ခါလုပ်ရင် ၂ ရက် ၃ ရက်စာပဲ အသုံးပြုရပါမယ်နော်။ အစာစားပြီးတဲ့အချိန်တိုင်း (သို့) လိုအပ်တဲ့အချိန်တိုင်းမှာ အဲဒီအရည်နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။ အသုံးပြုခါနီးမှာ ဘူးကို လှုပ်ခါပေးလိုက်ရပါမယ်နော်။

ဒီခံတွင်းနံ့ဆိုးတာကို သက်သာပျောက်ကင်းစေတဲ့ သဘာဝခံတွင်းဆေးရည်ကိုဆောင်ပြီး ယုံကြည်မှုရှိရှိ စကားပြောဆိုလိုက်ပါ။