ကလေးငယ်လေးတွေမှာ ဝမ်းသွားတာများရင် အများအားဖြင့်ဆေးမလိုပါ။ ပိုးသတ်ဆေးမလိုပါ။ ရေကျက်အေး ပိုတိုက်ပေးပါ။ ရှားရှားပါးပါး နို့ထဲမှာပါတဲ့ လက်တို့စ်နဲ့ မတည့်တာတော့ ဖြစ်တတ်တယ်။ ကလေးပါးစပ်ထဲကို ဗိုင်းရပ်စ်ဝင်ရာကနေ အများဆုံးဖြစ်တယ်။

အလာဂျီရလို့လဲဖြစ်မယ်။ တခါတလေ ဗက်တီးရီးယားကြောင့်ဖြစ်မယ်။ အစာဆိပ်သင့်တာဆိုရင် ဗိုက်အတင်းနာမယ်။ ဝမ်းထဲသွေးပါနိုင်တယ်။ ကိုယ်ပူမယ်၊ အန်မယ်ဆိုရင် ရိုတာဗိုင်းရပ်စ် ကြောင့်ဖြစ်နိုင်တယ်။ ဝမ်းအနံ့ကလဲ ထူးခြားသေးတယ်။

ရေဓါတ်-ဆားဓါတ်နည်းတာ အဖြစ်မြန်တယ်။ ကလေးငယ်လေ ဆိုးလေ။ E. coli နဲ့ Salmonella ဗက်တီးရီးယားတွေကနေဖြစ်လို့ ဆေးကုတာနောက်ကျရင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။

BRAT diet လို့ခေါ်ကြတဲ့ အစာကြေလွယ်တာပေးပါ။ ငှက်ပျောသီး၊ ထမင်း၊ နာနတ်ဆော့စ်၊ ပေါင်မုံ့ကင်တွေကို ကျွေးနိုင်တယ်။ ဆန်ပြုတ်၊ ပေါင်မုံ့ဖြူ၊ ကြက်ဥပြုတ်၊ ငါး၊ ကြက်သား၊ အာလူး၊ အချိုများတာ၊ သကြားများတာ၊ အသားများတာ ရှောင်ပါ။ နို့တိုက်အရွယ်ဆိုရင် ဆက်တိုက်ပါ။ နွားနို့ကြောင့် ဝမ်းအတွက်မကောင်းပေမဲ့ သူ့ထဲက အာဟာရ ရစေမယ်။ ရေရစေတယ်။ တော်တော်တန်တန် ဝမ်းသွားတာဆိုသောက်နိုင်တယ်။ နို့မှုန့်တိုက်တာဆိုရင် Lactose လက်တို့စ် မပါတာရွေးပါ။

တနှစ်ကျော်ကလေးဆိုရင် စွပ်ပြုတ်ရည်ကျဲကျဲ၊ ဆိုဒါရိုးရိုးနဲ့ အသီးဖျော်ရည် ရေနဲ့ရောတာ တိုက်နိုင်တယ်။ ရေချည်းဘဲ တိုက်တာနဲ့မရပါ။ အိုက်စခရင်မ်၊ ဂျယ်လီ၊ ပူတင်းနဲ့ ကြော်ထားတဲ့အစာတွေ ရှောင်ပါ။ ပဌမ ၂၄ နာရီအတွင်းမှာ ငှက်ပျောသီး၊ ထမင်း၊ နာနတ်ဆော့စ်၊ ပေါင်မုံ့ကင်၊ ဆားပါတဲ့ ခရက်ကာမုံ့၊ အချိုမပါတဲ့ ပြောင်းနှံအမျိုးမျိုးနဲ့လုပ်ထားတဲ့ ဆီရီရယ်။ ကလေးနဲ့အဆင်ပြေရင် နောက်ရက်မှာလဲကျွေးပါ။

ရေဓါတ်-ဆားဓါတ် နည်းတဲ့လက္ခဏာတွေကို သတိရှိပါ။ ဆီးနည်းလာမယ်၊ ဆီးအရောင်ရင့်မယ်။ ရေငတ်မယ်။ ငိုမယ်။ ငိုတာလဲ မျက်ရည်နည်းမယ်။ အစာမစားချင်ဘူး။ ကိုယ်အလေးချိန်ကျလာမယ်။ အာခေါင်ခြောက်မယ်။ မျက်တွင်းချိုင့်မယ်။ အရေပြားကို အသာလေးဆွဲမကြည့်ရင် ချက်ချင်းပြန်မကျဘူး။ သိပ်မအိပ်ဘူး။

အားဖြစ်ဖျော်ရည်၊ နို့တွေမတိုက်ပါနဲ့။ ဝမ်းပိတ်ဆေးဆိုတာတွေ အတိုက်မလောပါနဲ့။ ရောဂါကို နည်းနည်းသက်သာသွားရင် ကလေးဆရာဝန်တချို့က တိုက်စေတယ်။ သူ့ထဲမှာပါတဲ့ ဗက်တီးရီယားက အကျိုးတမျိုးပေးတယ်။

ORS ဓါတ်ဆားထုပ်ထက်ကောင်းတာ ကမ္ဘာမှာမရှိပါ။ WHO ကဝေတာကောင်းတယ်။ ကိုယ်တိုက်လုပ်လို့လည်းရတယ်။ ရေကျက်အေး ၄ ခွက်ထဲမှာ သကြားလက်ဖက်ရည် ၈ ဇွန်း၊ ဆားလက်ဖက်ရည် ၁ ဇွန်းထည့်ပါ။ ကလေးအန်နေရင် ORS ကို နည်းနည်းချင်း ခဏခဏတိုက်ပါ။ ပိုတက်ဆီယမ်ရအောင် လိမ္မော်သီးရည် တိုက်ပေးပါ။ ငှက်ပျောသီးကျွေးပါ။

Loperamide ဝမ်းပိတ်ဆေး

– လူကြီး = ၂ တောင့် (4mg) စသောက်ပြီး ၁ တောင့် (2 mg) ကို ဝမ်းတခါသွားတိုင်းသောက်ပါ။ တနေ့မှာ ၈ တောင့်ထက်မပိုစေရ။

– ကလေး ၂-၅ နှစ် = 1 mg တနေ့ ၃ ကြိမ်၊

– ကလေး ၆-၈ နှစ် = 2 mg တနေ့ ၂ ကြိမ်၊

– ကလေး ၈-၁၂ နှစ် = 2 mg တနေ့ ၃ ကြိမ်၊

– ကလေး ၂ နှစ်အောက် = မတိုက်သင့်။

Loperamide ကို Imodium, Lomotil စတဲ့နာမည်တွေနဲ့ရောင်းတယ်။ အများဆုံးသုံးပြီး ဈေးလဲအတော်ချိုတယ်။ ဝမ်းသွားတဲ့ အကြိမ်အရေအတွက်ကို လျှော့မှာမဟုတ်ပေမဲ့ သွားတဲ့အားကို နည်းစေတယ်။ ဘေးထွက်ဆိုးကျိုးရှိပါတယ်။

ခြေ-လက်ထုံ၊ စိတ်ဓါတ်ကျ၊ စိတ်တမျိုးဖြစ်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ဂနာမငြိမ်ဖြစ်၊ အိပ်ချင်။ ဆေးများရင် ဝမ်းချုပ်မယ်။ ပျို့-အန်၊ အစာမစားချင်ဖြစ်မယ်။

သွားဖူးလာဖူးတာမဟုတ်တဲ့နေရာသွားနေတုန်းမှာ ဝမ်းပျက်တာကို ခရီးသွားဝမ်းပျက်ရောဂါလို့ ခေါ်တယ်။ ဓါတ်ဆားရေအပြင် ပိုးသတ်ဆေးသောက်မှရတယ်။ လူကြီးတွေ Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃-၅ ရက်။

ဒါမှမဟုတ် Norfloxacin 400 mg တနေ့ ၂ ကြိမ်၊ ၃-၅ ရက်။ Septrin နဲ့ Doxycycline ဆေးတွေက မတိုးတာတွေ ရှိလာနေပြီ။ Bismuth subsalicylate သောက်နိုင်တယ်။ ပဋ္ဋိဇီဝဆေးတိုက်ရင် ဝမ်းပျက်တတ်တယ်။ ပိုးသေဆေးဟာ E coli ကြောင့် အစာဆိပ်သင့်တာအတွက် ပိုဆိုးစေတယ်။

ရေဓါတ်၊ ဆားဓါတ်နည်းလွန်းရင် RL drips ဆေးသွင်းကုသရမယ်။ တကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။ တခါဖြစ်သူ ထပ်ဖြစ်တတ်ပါတယ်။ သူများကိုလဲ ကူးစေတတ်တဲ့အတွက် ကလေးပြုစုသူလည်း လက်ကိုမကြာခဏဆေးပေးပါ။