ကမ္ဘာပေါ်ရှိ မိဘတိုင်း၏ ဦးစားပေးပထမမှာ မိမိတို့၏ရင်သွေးငယ်များ အစဉ်အမြဲကျန်းမာကြံ့ခိုင်နေရန်ပဲဖြစ်ပါတယ်။ ကလေးများ၏ကိုယ်ခန္ဓာမှာ ကြီးထွားနေသည်နှင့်အမျှ ကိုယ်ခံအားကို ဆက်လက်တည်ဆောက်နေသေးသည့်အတွက် မကြာခဏဖျားနာတတ်ပါတယ်။ ဒူးပြဲခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားအနည်းငယ်ရှိခြင်း စသည့်ရောဂါလက္ခဏာအသေးအဖွဲများမှာ စိတ်ပူစရာမဟုတ်သော်လည်း တစ်ခါတစ်ရံတွင် ထိုလက္ခဏာများကို ဝေခွဲရခက်ခဲသည့်အချိန်များလည်း ရှိနိုင်ပါတယ်။

ထို့ကြောင့် ကလေးများ၏ကျန်းမာရေးနှင့်ပတ်သက်၍ လုံးဝလျစ်လျူမရှုသင့်သည့် ရောဂါလက္ခဏာများကို ဖော်ပြပေးလိုက်ရပါတယ်။

အဖျားကြီးခြင်း

ဗိုက်အောင့်ခြင်း၊ အသေးအဖွဲကူးစက်ရောဂါလေးများကြောင့် ကလေးများကိုယ်ပူလေ့ရှိကြပါတယ်။ သို့သော်လည်း ပုံမှန်အခြေအနေများထက် အဖျားကြီး၍ မျက်လုံးမဖွင့်နိုင်လောက်အောင် ခေါင်းကိုက်ခဲနေပါက ပြင်းထန်သည့်ဖျားနာမှုှု သို့မဟုတ် အရေးတကြီးကုသမှုလိုအပ်သည့်ရောဂါတစ်မျိုးမျိုးဖြစ်ပေါ်နိုင်တာကို သိထားစေလိုပါတယ်။

အလွန်အမင်းရေဆာလောင်ခြင်း

 

ညဖက်အချိန်မတော်တွင် မိမိကလေးမှ ရုတ်တရက်ရေအလွန်ဆာ၍ တောင်းလာပါက ဆရာဝန်ထံချက်ချင်းခေါ်သွားသင့်ပါတယ်။ အသက် ၂၀ အောက်အရွယ်ရှိ ကလေးများတွင် အဆင့် (၁) ရှိဆီးချိုရောဂါဖြစ်ပွားနိုင်ပြီး ရေအလွန်ဆာမှုသည် ထိုရောဂါ၏လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

အသက်ရှုရခက်ခဲခြင်း

ကလေးများသည် မကြာခဏဆိုသလို ညည်းညူတတ်ကြပြီး အသက်ရှုမြန်ခြင်းသည်လည်း အဖျားရှိသည့်အခါ ကလေးများပုံမှန်ဖြစ်လေ့ရှိပါတယ်။ သို့ရာတွင် ကစားချိန်၊ အားကစားချိန်များအတွင် အသက်ရှုရခက်ခဲရုံသာမက လေချွန်သံပါဝင်လာလျှင်တော့ သေချာပေါက် ပန်းနာရောဂါလက္ခဏာပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ကလေးများအသက်ရှုရခက်ခဲနေပြီဆိုပါက ဆရာဝန်နှင့် ပြသရန်လိုအပ်ပါတယ်။

အချိန်ကြာမြင့်စွာဗိုက်အောင့်ခြင်း

ကလေးများသည် အမှန်တကယ်သော်လည်းကောင်း၊ ဆင်ခြေအနေဖြင့်သော်လည်းကောင်း ဗိုက်အောင့်သည်ဟုဆိုကာ အမြဲတမ်း ပြောတတ်လေ့ ရှိပါတယ်။ သို့သော်လည်း ထိုနာကျင်မှုသည် ပြင်းထန်လာပြီး တပတ်အတွင်းတွင်မကြာခဏဆိုသလို ညည်းညူနေပါက အူအတက် ဖြစ်နိုင်သောကြောင့် ချက်ချင်းဆေးရုံ၊ ဆေးခန်းသို့ ခေါ်ဆောင်သွားရမှာဖြစ်ပါတယ်။

ဆီးသွားနေစဉ်နာကျင်မှုဝေဒနာခံစားရခြင်း

သင့်ကလေးဆီးသွားနေစဉ်အတွင်း နာကျင်မှုဝေဒနာခံစားလာရပါက ဆီးလမ်းကြောင်းဆိုင်ရာတွင် ပြဿနာတစ်ခုခုဖြစ်ပေါ်နေပါပြီ။ ရောဂါပိုး တစ်ခုခု ဝင်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်အတွက် ပေါ့သေးသေးမနေဘဲ ဆေးခန်းချက်ချင်းပြသသင့်ပါတယ်။

မောပန်းနွမ်းနယ်ခြင်း

 

ကလေးဆိုသည်မှာ အချိန်ပြည့်သွက်လက်တက်ကြွနေပြီး ဂနာမငြိမ်အောင်ဆော့တတ်လေ့ရှိပါတယ်။ သို့သော်လည်း ထိုကဲ့သို့ ပုံမှန်သွားလာ ဆော့ကစားမနေဘဲ မောပန်းနွမ်းလျနေသည့်ပုံစံပေါ်နေပါက သတိထားပါ။ နောက်ဆက်တွဲမသိမြင်နိုင်သည့် ရောဂါများမဖြစ်ပေါ်ခင် ကြိုတင် ဆရာဝန်ပြသထားတာက အကောင်းဆုံးပဲဖြစ်ပါတယ်။

ပြင်းပြန်းထန်ထန် ပျို့အန်ခြင်း

ကလေးများသည် ချောင်းပြင်းထန်စွာဆိုးခြင်း၊ ရှိုက်ကြီးတငင်ငိုကြွေးခြင်း၊ အစားများခြင်း နှင့်အစာအိမ်ပြဿနာများကြောင့် လွယ်လင့်တကူ ပျို့အန်တတ်ပါတယ်။ သို့ရာတွင် အရည်ပမာဏအနည်းငယ်ကိုတောင်မှ သည်းမခံနိုင်လောက်အောင် ပျို့အန်နေပါက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေမှာပါ။

အနီစက်များဖြစ်ပေါ်ခြင်း

အနီစက်များဖြစ်ပေါ်ခြင်းသည် ကလေးငယ်များတွင် ဖြစ်လေ့ဖြစ်ထရှိသော်လည်း အဖျားရှိခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အစာမျိုချရ ခက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း၊ အသက်ရှုရခက်ခဲခြင်း စသည့်ရောဂါလက္ခဏာများ တွဲဖက်ဖြစ်ပေါ်လာပါက အသက်အန္တရာယ်ကိုထိခိုက်လာနိုင်ပါတယ်။ ထို့အတွက် မိမိကလေးငယ်တွင် ထိုလက္ခဏာများပြလာပါက ချက်ချင်းဆိုသလို ဆေးရုံဆေးခန်းများသို့ သွားရောက်ပြသဖို့ တိုက်တွန်း အကြံပေးချင်ပါတယ်။